သောကြာ၊ မေလ ၃ရက်၊ ၂၀၂၄

စစ်တွေမြို့တွင် စစ်ကောင်စီက AAအလိုမရှိကြောင်း မွတ်ဆလင်များ ငွေပေးပြီး အတင်းဆန္ဒပြခိုင်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 2.5k

အောင်ကြွယ်ငြိမ်း၊ နိရဉ္စရာ ဧပြီ ၂၀/ ၂၀၂၄

ရခိုင်ပြည်၊ စစ်တွေမြို့တွင် စစ်ကောင်စီက မွတ်ဆလင်များအား ငွေပေးပြီး အာရက္ခတပ်တော် (AA)  အလိုမရှိကြောင်း အတင်းအဓမ္မ ဆန္ဒပြခိုင်းသည်ဟု သိရသည်။

 ယနေ့ဧပြီလ ၂၀ရက်၊ နံနက် ၉နာရီခွဲအချိန်က စစ်တွေမြို့၊ ဘုမေမွတ်ဆလင်ကျေးရွာမှစတင်ကာ စစ်တွေမြို့အနှံ့ကို မွတ်ဆလင်လူဦးရေ ၁၀၀၀ ခန့်က "ရခိုင်မြေ၌ AAအလိုမရှိ" ဆိုသည့် ဆိုင်းဘိုးများ ကိုင်ဆောင်ပြီး ဆန္ဒပြနေခြင်းဖြစ်သည်ဟု သိရသည်။

 

စစ်ကောင်စီက အတင်းဖိအားပေးဆန္ဒပြခိုင်း၍ ထွက်ပြေးရှောင်တိမ်းနေသည့် မွတ်ဆလင် လူငယ်တစ်ဦးက "ကျွန်တော်တို့ကို မြန်မာစစ်တပ်က ဖိအားပေးပြီး အတင်းအဓမ္မ ဆန္ဒပြခိုင်းနေတာပါ။ သူတို့ ခိုင်းတာမလုပ်ရင် ၂၀၁၂ ခုနှစ်ကလို လူမျိုးရေ အဓိကရုဏ်းဖြစ်အောင် ဖန်တီးလုပ်ပေးမယ်။ AAကို ထောက်ခံအားပေးနေတဲ့ ရွာတွေအဖြစ် သတ်မှတ်မယ်လို့ ခြိမ်းခြောက်ပါတယ်။ သူတို့ ခိုင်းတာ မလုပ်ရင် အရေးယူမယ်ဆိုလို့ ကြောက်ပြီးတော့ တချို့မွတ်ဆလင်တွေက အခု ဘုမေရွာကနေ စပြီး စစ်တွေမြို့အနှံ့ ဆန္ဒပြနေကြတယ်။ လမ်းတိုင်းကြောင်းတိုင်းမှာလည်း မြန်မာစစ်တပ်က လက်နက် အပြည့်အစုံနဲ့ နေရာယူထားပါတယ်" ဟု ပြောသည်။

 

စစ်ကောင်စီက အတင်းဖိအားပေးစေခိုင်းသည့်အတိုင်း AAအလိုမရှိကြောင်းဆန္ဒပြသူ မွတ်ဆလင်များကို တစ်ဦးလျှင် ငွေကျပ် ၂သိန်း၊ ၃သိန်း၊ ၄သိန်းကျပ်အထိပေးဆောင်မည်ဟု မက်လုံးပေးထားပြီး ဆန္ဒပြရာ၌မပါဝင်သူများကို သေနတ်ဖြင့်ပစ်သတ်ကာ ပြင်းထန်းစွာ အရေးယူသွားမည်ဟု စစ်ကောင်စီကခြိမ်းခြောက်ထားသည်။



 

 စစ်တွေမြို့တွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က စစ်တွေမြို့ရှိ မွတ်ဆလင်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ခေါင်းဆောင်များကို ပြီးခဲ့သည့်ဧပြီလ ၆ရက်နေ့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးသို့ခေါ်ဆောင်ကာ ဧပြီလ ၂၀ရက်နေ့၌ AAအလိုမရှိကြောင်း ဆန္ဒပြရန်အတင်းအဓမ္မဖိအားပေးစေခိုင်းခဲ့သည်ဟု မွတ်ဆလင် အသိုင်းအဝိုင်းမှ သိရသည်။

 

ထိုသို့ဆန္ဒပြရာ၌လည်း စစ်တွေမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ မကျည်းမြိုင်ရပ်ကွက်၊ ကသည်းရပ်ကွက်၊ ဘုမေရပ်ကွက်နှင့် မြို့အနီး မွတ်ဆလင်ကျေးရွာများ အသက် ၁၈နှစ်အထက် မွတ်ဆလင်လူဦးရေ ၁၀၀၀ ကျော်ခန့်အထိပါဝင်ရမည်ဟု ခြိမ်းခြောက်ထားသည်ဟုလည်း သိရသည်။

 

 စစ်ကောင်စီ၏ ဗဟိုအုပ်ချုပ်ရေးအဆင့် ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ရခိုင်ပြည်အတွင်း ရခိုင်နှင့်မွတ်ဆလင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်ပွားစေရန် ပုံဖော်ဖန်တီးခြင်း မရှိဟု ပြောဆိုထားသော်လည်း မြေပြင်တွင် စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့များက လူမျိုးရေး အဓိကရုဏ်း ဖြစ်အောင် ဖန်တီးနေနေသည်ဟု မွတ်ဆလင်အရပ်လူကြီးတစ်ဦးကပြောသည်။

 

 "စစ်ကောင်စီက ကျွန်တော်တို့မွတ်ဆလင်နဲ့ရခိုင်တွေ သဟဇာတဖြစ်နေကြတာကို ရည်ရွယ်ချက်ရှိရှိ လူမျိုးရေပဋိပက္ခတွေဖြစ်အောင် တမင်ဖန်တီးနေတာ။ ဒါကိုကျွန်တော်တို့ မွတ်ဆလင် အသိုင်းအဝိုင်းကရော ရခိုင်လူမျိုးတွေကပါ သိဖို့လိုအပ်တယ်။ စစ်ကောင်စီရဲ့ အဲ့ဒီလိုလုပ်ရပ်တွေကို ကျွန်တော်တို့ ဘယ်လိုကျော်လွှားသွားကြမလဲ။ အဓိကတော့ ရခိုင်မှာ အရှုံးနဲ့ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက လူမျိုးရေအဓိကရုဏ်းတွေဖြစ်အောင် တမင်ဖန်းတီးနေတာ။ ဒါကိုကျွန်တော်တို့ မွတ်ဆလင်အသိုင်းအဝိုင်းကပါ သိဖို့လိုအပ်တယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ မွတ်ဆလင် တွေကတော့ ရခိုင်မြေမှာ ရခိုင်လူမျိုးတွေနဲ့အတူ တစ်သားတည်းရှိမယ်။ အသက်ဘေးကို ကြောက်နေရလို့သာ သူတို့(စကစ)ခိုင်းတဲ့အတိုင်း မလုပ်ချင်ဘဲ လုပ်နေကြရုံပါ" ဟုပြောသည်။



 

ယင်းအပြင် တိုက်ပွဲဖြစ်ပွားမည်ကိုစိုးရိမ်၍ ဘေးလွတ်ရာကို ရှောင်တိမ်းနေကြသည့် ဘူးသီးတောင်မြို့တွင်လည်း စစ်ကောင်စီက လူမျိုးရေးအဓိကရုဏ်းဖြစ်အောင် ဘူးသီးတောင်မြို့ပေါ်ရှိ ရခိုင်လူနေအိမ်များကို မွတ်ဆလင်များအား အတင်းအဓမ္မဖိအားပေးကာ မီးရှို့ဖျက်စီးစေခဲ့သည်။

 

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်တွင်လည်း နေထိုင်ကြသော မွတ်ဆလင်များသည် ရက္ခိုင့်တပ်တော်(AA) အလိုမ ရှိကြောင်း ၂၀၂၄ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့က ဆန္ဒပြကန့်ကွက်ခဲ့သည်။ အလားတူ ပြီးခဲ့သည့် မတ်လ ၂၁ရက်နှင့် ၂၂ရက်နေ့ကလည်း စစ်တွေမြို့တွင် မွတ်ဆလင်များက AA ကို အလိုမရှိကြောင်း ဆန္ဒပြခဲ့သည်။

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!