သောကြာ၊ မေလ ၃ရက်၊ ၂၀၂၄

အမ်းဒေသခံချင်းလူမျိုးများကို စစ်ကောင်စီ စစ်မှုထမ်းရန် ဖိအားပေးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 1k

သဉ္ဇာနွယ် / နိရဉ္စရာ၊ဧပြီ ၂၀/ ၂၀၂၄

ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ ဒေသခံ ချင်းလူမျိုးများကို စစ်ကောင်စီက စစ်မှုထမ်းရန် ဖိအားပေး ခေါ်ဆောင်နေသဖြင့် ဒေသခံများက စိုးရိမ်နေကြကြောင်း သိရသည်။

အမ်းတောင်အုပ်စု အမ်း-ပဒါန်း ကားလမ်း အနီးရှိ ချင်းလူမျိုး အများစုနေထိုင်သည့် ကျေးရွာ များကို  ယမန်နေ့ ဧပြီ ၁၉ ရက်နေ့ နေ့လယ်က စစ်ကောင်စီတပ်သားများရောက်ရှိလာပြီး လူစာရင်း လာရောက်ကောက်ယူခဲ့သည့်အတွက် ပြေးစရာမြေမရှိဖြစ်နေကြရပြီဟု ဒေသခံချင်းလူမျိုးများက နိရဉ္စရာအားပြောသည်။

" မနေ့ကတည်းက ရွာသားတွေအရမ်းစိုးရိမ်နေကြတယ်။ စစ်ကောင်စီ စစ်မှုထမ်းခိုင်းတာကို ကျနော်တို့ မလိုလားပါဘူး။ လွတ်လွတ်လပ်လက်သာမာန်ပဲနေချင်ပါတယ် " ဟုပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သားများမှာ တောင်စောက်ကျေးရွာ ရေနံနှင့်သဘာဝဓာတ်‌ ငွေ့ ပိုက်လိုက်တွင် လုံခြုံရေးယူထားသူများဖြစ်ကာ ချင်းလူမျိုးအများစုနေထိုင်သည့် အမ်းမြို့နယ်၊ ကြက်ရေစမ်း ကျေးရွာသို့ ရောက်ရှိပြီး ရာအိမ်မှုးကိုခေါ်က စစ်မှုထမ်းမည့် လူဦးရေစာရင်းပေးရမည်ဟု သတိပေးပြောကြားခဲ့သည်ဟု ဒေသခံများက ဆိုသည်။

စစ်မှုထမ်းရန် ကြက်ရေကျွန်းရွာ မှ(၁၀)ဦး၊  ကမြင်းကန်ရွာ မှ (၁၀)ဦး၊ပိန်းရေစမ်းရွာမှ (၁၀)ဦး၊ တောင်စောက်ရွာမှ (၁၀)ဦး၊ ပတ်ကွေ့ရွာမှ (၂၀)ဦးနှင့် ဆင်ခုံတိုင်ကျေးရွာ(၂၀)ဦး စစ်မှုထမ်းရန် စာရင်း‌ပေးရမည်ဖြစ်ကြောင်း ရပ်ကျေးတာဝန်ခံများအား ဖိအားပေးပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျေးရွာရပ်မိရပ်ဖတစ်ဦးက "ရွာကိုစစ်သားတွေရောက်လာပြီး  စစ်မှုထမ်းဖို့လူဦးရေ စာရင်းပေးရမယ်ပြောခဲ့တယ် တချို့ရွာတွေကိုကျတော့  အုပ်ချုပ်ရေးမှူး တွေကို သူတို့စခန်းကိုခေါ်ပြီး ခေါ်ပြောတာရှိတယ်။ ဒီရွာတွေက ၉၉ရာခိုင်နူန်းက ချင်းလူမျိုးတွေပါ  " ဟုပြောသည်။

စစ်မှုထမ်းရမည့် သူများသည့် အသက် ၁၈နှစ် နှင့် အသက် ၅၀အောက် အရွယ်များဖြစ်ရမည်ဟု သိရသည်။

ယခု ရက်ပိုင်းအတွင်း အမ်းမြို့ပတ်ပတ်လည်နှင့် တောင်တန်းများတွင် စစ်ကောင်စီက မြေမြှုပ်မိုင်းများ ထောင်ထားပြီး ကင်းပုန်းဝပ်မှုပြုလုပ်နေမှုများလည်းရှိနေသည့်အတွက် အမ်းမြို့ဒေသခံများမှာ စိုးရိမ်နေကြကြောင်းသိရသည်။

လက်ရှိ အမ်းတွင်ယမန်နေ့ ဧပြီ ၁၉ ရက်နေ့အထိ ကဇုကိုင်းအနီးရှိ တောဟိန်းတောင် ဗျူဟာကုန်းတွင်တိုက်ပွဲ ပြင်းထန်လျက်ရှိကြောင်း သိရသည်။

ရခိုင်တွင် အာရက္ခတပ်တော်(AA) နှင့် မြန်မာစစ်တပ်တို့ နှစ်ဖက်တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကောင်စီက မြို့နယ်တချို့မှ ရခိုင်မျိုးနွယ်စုများအပါအဝင် ရခိုင်ပြည်အတွင်းနေထိုင်ကြသည့် မွတ်ဆလင်များကို စစ်မှုထမ်းရန် ဖိအားပေးခေါ်ယူမှုများရှိနေသဖြင့် ဒေသခံတချို့မှာ နေရပ် စွန့်ခွာထွက်ပြေးနေကြရကြောင်း သိရသည်။

ဆက်စပ် သတင်းများ