သောကြာ၊ မေလ ၃ရက်၊ ၂၀၂၄

မွတ်ဆလင်လက်နက်ကိုင်များ မြို့တွင်းဝင်လာမည့် သတင်းကြောင့် စစ်တွေမြို့ပေါ်ရှိ ဒေသခံများ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းဖြစ်လာမည်ကို စိုးရိမ်ထိတ်လန့် နေကြ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 12.1k

အိမ်စိုးဖြူ

နိရဉ္စရာ၊ ဧပြီ ၂ဝ/၂ဝ၂၄

ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ဒေသခံများမှာ လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်းဖြစ်လာမည်ကို စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။

စစ်တွေမြို့တွင် လွန်ခဲ့သည့် ဧပြီလ ၁၅ ရက်နေ့က ဘုမေကျေးရွာအုပ်စုအပါအဝင် မွတ်ဆလင်ကျေးရွာများဘက်မှ လက်နက်ကိုင်များ မြို့တွင်းသို့ ဝင်လာမည်ဟု သတင်းများ ပျံ့နှံ့နေပြီး သက်ကြီးရွယ်အိုများ၊ အမျိးသမီးများနှင့် ကလေးငယ်များကို စောင့်ရှောက်ရန် မြို့အတွင်း ပိတ်မိကျန်နေခဲ့သူများမှာ လုံခြုံမှုမရှိဖြစ်နေကြကြောင်း စစ်တွေမြို့မှ အမျိုးသမီးတစ်ဦးက နိရဉ္စရာအားပြောသည်။

“ မနေ့ကလည်း မွတ်ဆလင်တွေမြို့ထဲကို ဝင်လာမယ်ဆိုလို့ တစ်ညလုံးမအိပ်ကြရဘူး။ သေနတ်သံတွေလည်း ကြားရတယ်။ ထွက်ပြေးဖို့လည်း လမ်းတွေအကုန်ပိတ်ထားကြတယ်” ဟုပြောသည်။

၎င်းအပြင် စစ်တွေမြို့ မီးစက်ကြီးလမ်းဆုံအနီး ရပ်ကွက်တွင် နေထိုင်သူတစ်ဦးကလည်း ယနေ့နံနက်က စစ်ကောင်စီက လုံခြုံရေးယူထားသည့် ဘုမေကျေးရွာမှနေ၍ မီးစက်ကြီးရှေ့လမ်းမကြီးကိုဖြတ်ကာ မြို့အတွင်းသို့ ဆိုင်းဘုတ်ကိုင်ဆောင်ထားသည့် ထောင်နှင့်ချီသော မွတ်ဆလင်များ ချီတက်လာသဖြင့် ဒေသခံများ စိုးရိမ်နေကြကြောင်းပြောသည်။

“ ကျွန်တော်တို့ မီးစက်ကြီးဘက်ကို မသွားရဲတာကြာပါပြီ။ ဆိုင်ကယ်နဲ့သွားလည်းစစ်တယ်။ ဒီမနက် ဆန္ဒပြတယ်လို့ကြားပါတယ်။ လူတွေစိုးရိမ်နေကြပါတယ်” ဟုပြောသည်။

ယနေ့ နံနက် ၉ နာရီခန့်က စစ်ကောင်စီက စေခိုင်း၍ မွတ်ဆလင် လူ ၁ဝဝဝ ခန့် စစ်တွေမြို့တွင် ဆန္ဒပြခဲ့ကြကြောင်းသိရသည်။

စစ်ကောင်စီသည့် စစ်တွေနှင့် ကျောက်ဖြူမြို့နယ်အပါအဝင် မြို့နယ်တချို့မှ ရာနှင့်ချီသည့် မွတ်ဆလင်များကို စစ်သင်တန်းပေးပြီး လက်နက်များတပ်ဆင်ကာ အာရက္ခတပ်တော်(AA) ကို တိုက်ခိုက်ရန် စေလွှတ်နေကြောင်း AA က ပြောဆိုထုတ်ပြန်ထားသည်။

၎င်းအပြင် ဘူးသီးတောင်မြို့နယ်အတွင်းတွင် လွန်ခဲ့သည့် ဧပြီလ ၁၅ ရက်နေ့ကလည်း နေအိမ်အနည်းဆုံး ၅ဝ ခန့်ကို မီးရှိုမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

စစ်တွေမြို့နယ်မှ စစ်ဘေးရှောင်လာသူအမျိုးသမီးတစ်ဦးက “ အိမ်မှာ ဘယ်သူမှမကျန်ခဲ့တာကို ကျေးဇူးတင်ရမယ်။ သားလေးတို့လင်မယားသာ လွတ်မြောက်နယ်မြေကို မရောက်နေရင် အခုအချိန်ဆို ဘယ်သူဝင်သတ်သွားမလဲ၊ အိမ်ကို ဘယ်သူဝင်ဖျက်ဆီးမလဲစိုးရိမ်နေရမယ်။ အခုလည်း ကျန်ခဲ့တဲ့ဆွေမျိုးတွေကို စိုးရိမ်မိတယ်။ ရခိုင်နဲ့ မွတ်ဆလင်ပြဿနာဖြစ်အောင်လုပ်ပြီး မွတ်ဆလင်တွေ မြို့ထဲဝင်ပြီး တစ်ခုခုလုပ်မှာ စိုးရိမ်တယ်” ဟုပြောသည်။

အသက် ၈၇ နှစ်အရွယ်မိခင်နှင့်အတူ ကျန်ခဲ့ရသည့် အမျိုးသမီးတစ်ဦးကလည်း ၎င်းတို့မှာ စားစရာမရှိတော့သည်ကို ပူပန်နေရသည့်အပြင် အဓိကရုဏ်းဖြစ်ပြီး ပိတ်မိမည်ကိုလည်း စိုးရိမ်ကြောင်းပြောသည်။

“မိုးကလည်းရွာလာတော့မယ်။ အိမ်ကလည်းပြိုနေပြီ။ စားစရာမရှိတာထက် ဘယ်အချိန်ဘယ်သူ ဝင်သတ်သွားမလဲစိုးရိမ်နေရတယ်။ အေအေက ကယ်ထုတ်ပေးရင်ကောင်းမယ်။ တစ်လမ်းလုံးမှာ ကျွန်မတို့တစ်အိမ်နှစ်အိမ်ပဲကျန်တော့တယ်။ ” ဟု ပြောသည်။

ရခိုင်တွင် စစ်ကောင်စီသည် ခောတ်အဆက်ဆက်တွင် ထိလွယ်ရှလွယ်သည့် လူမျိုးစုများကြား သွေးထိုးလှုံ့ဆော်ခြင်းဖြင့် ပဋိပက္ခအသွင်ဆောင်အောင် လုပ်ဆောင်ပြီး နောက်ဆုံးတွင် စစ်တပ်မှ ဝင်ရောက်ကူညီရသည်ဆိုသည့် လုပ်ရပ်များ ဖန်တီးတက်သဖြင့် လူမျိုးစုများအကြား အထူးသတိထားဆင်ခြင်ရန် လိုအပ်ကြောင်း ရခိုင်အရေးလေ့လာစောင့်ကြည့်နေသူများက သတိပေးပြောဆိုကြသည်။

ဆက်စပ် သတင်းများ