စိုးစံအောင်၊ နိရဥ္စရာ၊ ဧပြီ ၂၀ / ၂၀၂၄
၇ခိုင်ပြည်၊တောင်ကုတ်မြို့မ ရဲစခန်းမှ နယ်ထိန်းရဲတစ်ဦးကို အာရက္ခတပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆိုကာစစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။
ဖမ်းဆီးခံရသူမှာ နယ်ထိန်း ရဲတပ်ကြပ်ကြီးသန်းမောင် အသက်(၅၀) ကျော်ဖြစ်ပြီး ဧပြီလ၁၂ ရက်က စစ်တပ်ကလာရောက်ဖမ်းဆီးသွားရာ ယခုအချိန်ထိဖမ်းဆီးထားကြောင်း သိ၇သည်။
၄င်းကိုအာရက္ခတပ်တော်(AA)နှင့်ဆက်စပ်သည်ဟုဆိုကာတောင်ကုတ်မြို့နယ်ရဲမှူး ကိုယ်တိုင် စစ်တပ်ကိုဖုန်းဆက်အကြောင်းကြားပြီးနောက်စစ်ကောင်စီတပ်က လာရောက် ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်းသိ၇သည်။
" တပ်ကြပ်ကြီးနယ်ထိန်းသန်းမောင်ကို AA နဲ့ဆက်စပ်တယ်ဆိုပြီးတော့ ဖမ်းဆီးခံထားရတယ်။ မြို့နယ်ရဲမှူးကိုယ်တိုင် စစ်တပ်ကိုဖုန်းဆက်ပြီးတော့လာဖမ်းခိုင်းတာ" ဟု ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်ကပြောသည်။
စစ်ကောင်စီလက်အောက်ခံရဲဌာနအတွင်း ရာထူးအနိမ့်အမြင့်အလိုက် ဖိနှိပ်ဆက်ဆံမှုများရှိနေရာသည်းမခံနိုင်တော့သည့် ရဲတပ်ဖွဲ့ဝင်များမှာ စခန်းမှထွက်ပြေးမှုဖြစ်စဥ်များများပြားလာကြောင်း သူကဆက်ပြောသည်။
ယခုကဲ့သို့စစ်ကောင်စီတပ်က ရဲတပ်ဖွဲ့ဝင်များကိုဖမ်းဆီးမှုဖြစ်စဥ်များမှာလည်းရဲဌာနအတွင်း အချင်းချင်းမကျေလည်မှုကြီးထွားလာရာမှတဆင့်ချောက်တွန်းမှုများကြောင့်ပင် ဖြစ်နိုင်ကြောင်းသူကသုံးသပ်ပြောဆိုသည်။
" သူတို့အချင်းချင်းမကျေနပ်လို့ချောက်တွန်းတာတွေပဲရှိမှာပေါ့။ ရာထူးကြီးသူကကိုယ့်ထက်လက်အောက် ငယ်သားကို မတရားဖိနှိပ်ဆက်ဆံတာတွေလည်းရှိတယ်လေ။ အဲဒါတွေကြောင့်ပဲစခန်းကကထွက်ပြေးတာတွေလည်းမကြာခဏကြားလာ၇တယ်" ဟု သူကပြောသည်။
တောင်ကုတ်မြို့မရဲစခန်းမှူးစန်းညွန့် (ကိုယ်ပိုင်အမှတ်၇၄၂၉) မှာ ခရိုင်ရဲမှူး၏ဖိနှိပ် ဆက်ဆံမှုများကြောင့် ဧပြီလ ၃ ရက်၊ညအချိန်က စခန်းမှ လက်နက်မဲ့ထွက်ပြေးသွားခဲ့ပြီးပြီးခဲ့သည့်ရက်ပိုင်းကလည်း ရဲတပ်ကြပ်ကြီးလှထွန်း ဆိုသူမှာ စခန်းမှထွက်ပြေးသွားခဲ့ကြောင်း သိရှိ၇သည်။