သောကြာ၊ မေလ ၃ရက်၊ ၂၀၂၄

မိုင်းနင်းမိ၍ မင်းပြားတွင် အမျိုးသားတစ်ဦး သေဆုံးပြီး ကျောက်ဖြူတွင် အမျိုးသားတစ်ဦး ခြေထောက်ပြတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 256

(ရခိုင်တွင် မြေမြှုပ်မိုင်းကြောင့် ထိခိုက် သေဆုံးမှု တိုးပွါးလာနေ)

သဉ္ဇာနွယ်၊အေးမြတ်ခိုင်/ နိရဉ္စရာ ဧပြီ ၂၀/၂၀၂၄

 

ရခိုင်တွင် မြေမြှုပ်မိုင်းကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှု မကြာခဏဖြစ်ပေါ်နေရာ ယနေ့ ဧပြီ-၂၀ ရက်တွင် မင်းပြားမြို့၌ အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ သေဆုံးသွားပြီး ကျောက်ဖြူမြို့တွင် အမျိုးသားတစ်ဦး ခြေထောက်တစ်ဖက် ပြတ်သွားကြောင်း သိရသည်။ 

 

မင်းပြားမြို့နယ်တွင် ထင်းသွားရှာသည့် ဆင်ကြီးပြင်(ရခိုင်) ကျေးရွာမှ အသက်(၃၀)အရွယ်၊ ဦးအောင်သိန်းလှိုင်သည် မိုင်းနင်းမိ၍ သေဆုံးသွားသည်ဟု သိရသည်။

 

၎င်းသည် မင်းပြားမြို့နယ်၊ ကျိန်းတောင် အနီးတွင် ယနေ့  ၂၀ ရက်နေ့ နေ့လယ် ၁၂နာရီ‌  ကျော်ခန့်က ထင်းသွားရှာစဉ် မိုင်နင်းမိ၍ သေ‌ဆုံးသွားကြောင်း မင်းပြားဒေသခံတစ်ဦးက နိရဉ္စရာ သတင်းဌာနကို ပြောသည်။

 

" စားဝတ်နေရေးကျပ်တည်းတော့ ထင်းရှာ၊ငါးရှာစားကြရတာ။ ဆင်ပြင်ကြီးကနေ ကျိန်းတောင် အထိလာပြီး ထင်းခုတ်တာမှာ မိုင်းကိုနင်းမိတာပါ။  ဒဏ်ရာပြင်းတော့ ဆေးရုံမရောက်ခင်ပဲ လမ်းမှာ ဆုံးသွားတယ် " ဟုပြောသည်။

 

အဆိုပါ ကျိန်းတောင်ဘုရားတောင်တွင် စစ်ကောင်စီက တပ်စွဲနေရာယူခဲ့ပြီး ၎င်းတပ်နှင့် အနီးတဝိုက် နေရာများတွင် မြေမြှုပ်မိုင်းများ ထောင်ထားခဲ့ကြောင်းဒေသခံများကပြောသည်။

 

" မင်းပြားမှာလည်း တိုက်ပွဲစဖြစ်ကတည်းက မိုင်းနင်းမိလို့ ခြေထောက်ပြတ်တဲ့သူ သေတဲ့ သူတွေများလာတယ်။ မထင်မှတ်ပဲ ကိုယ်လက်အင်္ဂါဆုံးရှုံးရတယ်။ စားဝတ်နေရေးအတွက်ဆိုပေမယ့် တောတောင်တွေ လူသွားလူလာပြတ်တဲ့နေ ရာတွေကို သွားလာဖို့ကို ဂရုစိုက်ဖို့လိုပါတယ် " ဟုပြောသည်။

 

အလားတူ ကျောက်ဖြူမြို့နယ် ဂုံးချွိန်တိုက်နယ်တွင်လည်း မိုင်းပေါက်ကွဲမှုဖြစ်ပွါးပြီး အမျိုးသားတစ်ဦး ဘယ်ဖက်ခြေထောက်ပြတ်ထွက်သွားကြောင်း သိရသည်။ 

 

မိုင်းနင်းမိကာ ဘယ်ဖက်ခြေထောက်ပြတ်‌ထွက်သွားသူမှာ ဂုံးချွိန်တိုက်နယ်၊ နှမ်းဖဲတောင်ကျေးရွာမှ အသက် ၇၀ ကျော်အရွယ် ဦးလူဖြူ ဖြစ်ကြောင်းသိရသည်။

 

ယနေ့ ဧပြီလ ၂၀ ရက် နံနက် နာရီခန့်တွင် ညောင်တိန်တောင်အနီးရှိ လယ်ထဲသို့သွားစဉ် မိုင်းနင်းမိကာ ဘယ်ဖက်ခြေထောက် ဒူးအောက်မှ ပြတ်ထွက်သွား‌ခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

 

"စစ်တပ်က မိုင်းတွေကို ဘာမှ လုပ်စားလို့မရအောင် ထောင်ထားတာပါ။ မနက်က နွားကျောင်းသွားရင်း မိုင်းပေါက်တာတွေ့လို့ အိမ်ကလူတွေတောင် အမြန်ပြန်ပြေးလာကြတယ်။ ဒူး‌အောက်လောက်ကနေ ပြတ်ထွက်သွားတာပါ။ အခုတော့ ဆေးခန်းကို ခေါ်သွားပါပြီ" ဟု ပြောသည်။

 

ရခိုင်တွင် စစ်ကောင်စီတပ်များ တပ်းစွဲနေရာယူဖူးသည့် နေရာအနှံ့အပြားတွင် မြေမြှုပ် မိုင်းထောင်ထားခဲ့သည့်အတွက် မိုင်းနင်းမိ၍ ခြေထောက်ပြတ်သူနှင့် သေ‌ဆုံးသူ များလာပြီး အထူးဂရုစိုက်သွားလာကြရန်လူမှုကယ်ဆယ်ရေးလုပ်ကိုင်နေသူများက သတိပေးပြောဆိုကြသည်။

 

ရခိုင်တွင် မတ်လအတွင်းက မြေမြှုပ်မိုင်းနင်းမိ၍ ခြေထောက်ပြတ်သူ (၁၁)ဦးအထိရှိခဲ့ပြီး ဒဏ်ရာရသူ () ဦးရှိခဲ့ကြောင်း သိရသည်။

ဆက်စပ် သတင်းများ