ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

ကျောက်ဖြူ အဝင်အထွက် စစ်တပ်စစ်ဆေးရေးဂိတ်များမှ လူတစ်ဦးဖြတ်သန်းခ ကျပ်ငွေသိန်းနှင့်ချီပြီး မတရားငွေညှစ်တောင်းယူနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 700

စိုးစံအောင် ၊ နိရဥ္စရာ ၊ ဧပြီ ၂၁ / ၂၀၂၄

ရခိုင်ပြည်၊ ကျောက်ဖြူမြို့ အဝင်အထွက် စစ်ဆေးရေးဂိတ်များနှင့် ဆိပ်ကမ်းများတွင် အစောင့်ကျနေသည့် စစ်သားများက ခရီးသွားလာသူ ဒေသခံများထံက တစ်ဦးလျှင်  ကျပ်ငွေသိန်းနှင့် ချီ၍ အတင်းအဓမ္မ ငွေညှစ်တောင်းယူနေကြောင်း ဒေသခံများက နိရဉ္စရာသတင်းဌာနသို့ပြောသည်။

ကျောက်ဖြူမြို့ရှိ ကျောက်တလုံးစစ်ဆေးရေးဂိတ်၊ အုန်းတောစစ်ဆေးရေးဂိတ်၊ ဂုံးချွိန် စစ်ဆေးရေးဂိတ်နှင့် ငလပွေ့ဆိပ်ကမ်းများတွင် အဓိကငွေညှစ်တောင်းယူနေခြင်းဖြစ်ပြီး ဒေသခံများမှာ ဖြတ်သန်းသွားလာခွင့်ရရေးအတွက် စစ်တပ်ကို တစ်ဦးလျှင် ကျပ်သိန်းနှင့်ချီ၍ ပေးဆောင် နေရကြရသည်ဟု ဆိုသည်။

ခမရ ၅၄၂ စောင့်ကြပ်သည့် ကျောက်တလုံးစစ်ဆေးရေးဂိတ်တွင် ကျောက်ဖြူမြို့ပေါ်မှ နယ်ကျေးရွာများသို့ သွားလိုသည့် ဒေသခံတစ်ဦးလျှင်အနည်းဆုံး ၂ သိန်းခွဲကျပ်၊ နယ်ကျေးရွာများမှ ကျောက်ဖြူမြို့ထဲလာသည့် ဒေသခံတစ်ဦးလျှင် အနည်းဆုံး ၁ သိန်းခွဲကျပ်အထိ ငွေညှစ် တောင်းယူနေကြောင်း ကာယကံရှင်ဒေသခံများကပြောသည်။

" စစ်ဆေးရေးဂိတ် သုံးခုရှိတယ်။ သုံးခုစလုံးက ဒေသခံတွေဆီကငွေမတရားညှစ်နေတယ်။ ကျောက်တလုံး စစ်ဆေးရေးဂိတ်ကတော့ ငွေတောင်းအကြမ်းဆုံးပဲ။ အခုလက်ရှိဆိုရင် ကျောက်ဖြူ မြို့ထဲကို နယ်ကလာတဲ့လူတယောက်ဆိုရင် တစ်သိန်းခွဲအထိပေးရတယ်။ ကျောက်ဖြူ မြို့ပေါ်က နယ်ဘက်တွေသွားမယ့်လူတယောက်ကို နှစ်သိန်းခွဲအထိတောင်းတယ်" ဟု ကျောက်ဖြူမြို့နယ် ဒေသခံတစ်ဦးကပြောသည်။

သကြန်မတိုင်မီရက်ပိုင်းကလည်း ကျောက်ဖြူမြို့ပေါ်မှ နယ်ဘက်သို့သွားသည့် သံဃာတော်တပါးထံမှ  ကျောက်တလုံးစစ်ဆေးရေးဂိတ်ရှိ စစ်သားများက ကျပ်ငွေ ၄ သိန်း ယူဆောင်ပြီးမှ သွားလာခွင့်ပြုခဲ့ကြောင်း နိရဉ္စရာက စုံစမ်းသိရှိရသည်။

အဆိုပါစစ်ဆေးရေးဂိတ်များသည် နယ်ကျေးရွာများမှ မြို့ပေါ်သို့ဟင်းသီးဟင်းရွက် လာရောက် ရောင်းချသည့် ဈေးသည်များထံမှလည်း အဆမတန်ငွေညှစ်တောင်းယူမှုများရှိနေ၍ ကျောက်ဖြူ မြို့ပေါ်တွင်ဟင်းသီးဟင်းရွက်ဈေးမှ အဆမတန်မြင့်တက်နေကြောင်းလည်း ကျောက်ဖြူမြို့ခံ တစ်ဦးကပြောသည်။

" ကျောက်ဖြူမြို့ပေါ်က ပြည်သူတွေက နယ်ကလာရောင်းတဲ့ ဟင်းသီးဟင်းရွက်ကို အားထား နေရတာလေ။ စစ်ဆေးရေးဂိတ်တွေမှာအဲဒီဈေးသည်တွေဆီက ပါလာတဲ့ ဟင်းသီးဟင်းရွက် ဖိုးထက်များတဲ့ ငွေတွေတောင်းနေတယ်။ အဲဒီတော့ ဈေးသယ်တွေမှာ ဈေးဖိုးအရင်းပြန်ရဖို့ အသီးအရွက် ဈေးတွေတင်ကြရတယ်။ မြို့ပေါ်ကိုရောက်လာတဲ့အခါ အသီးအရွက်ဈေးနှုန်းတွေက အဆမတန် ဈေးကြီးနေပြီ" ဟု သူကပြောသည်။

စစ်ကောင်စီတပ်သည် ငွေအဆမတန်တောင်းပြီး ဒေသခံများကိုဖြတ်သန်းသွားလာခွင့်ပေးသော်လည်း ကျောက်ဖြူမြို့ပေါ်မှ နယ်သို့ ယူလာသည့်ဆေးဝါးများ သယ်ယူခွင့်ပိတ်ပင်ထားပြီး တွေ့ရှိလျှင် သိမ်းယူသဖြင့် နယ်ကျေးရွာများတွင် ဆေးဝါးများ လုံး၀ ပြတ်လပ်နေသည်ဟု ဒေသခံများက ပြောသည်။

" နယ်ဘက်တွေမှာ ဆေးဝါးတွေမရှိတော့ဘူး။ မကျန်းရေး မမာရေးဖြစ်လာရင် အသေခံဖို့ပဲရှိတယ်။ စစ်ဆေးရေးဂိတ်က ငွေပေးရင်လူကသွားလို့ရတယ်။ ဆေးဝါးတွေပါလာရင်တော့ အကုန်လုံး သိမ်းယူထားလိုက်တယ်" ဟု ကျောက်ဖြူမြို့နယ်ဒေသခံတစ်ဦးကပြောသည်။

ငလပွေ့ဆိပ်ကမ်းမှ ကျောက်ဖြူမြို့နှင့် နယ်ကျေးရွာများသို့သွားလာနေသည့် ဒေသခံများ၏ စက်လှေများကိုလည်း ခလရ ၃၄ တပ်ရင်းဗိုလ်ကြီး အောင်ဖြိုးဦးကြီးကြပ်သည့် စစ်ကောင်စီတပ်ဖွဲ့က စက်လှေတစ်စင်းလျှင် အနည်းဆုံး တစ်သိန်းနှစ်သောင်းမှ  ကျပ်ငွေသုံးသိန်းမှ ငွေညှစ် တောင်းယူနေကြောင်း ကျောက်ဖြူမြို့ခံလူငယ်တစ်ဦးကပြောသည်။

" ငလပွေ့ဆိပ်ကမ်းမှာက ခလရ ၃၄ တပ်ရင်းဗိုလ်ကြီး အောင်ဖြိုးဦးအဖွဲ့က ငွေညှစ်နေတယ်။ စက်လှေ တစ်စင်းကို သုံးသိန်းကနေ အနည်းဆုံး တစ်သိန်းနှစ်သောင်းကျပ်အထိ တောင်းနေတယ်။ ဒေသခံတွေကို မှတ်ပုံတင်တွေသေချာစစ်တယ်။ ပြီးပိုက်ဆံတောင်းပြီးမှ သွားခွင့်ပေးတယ်" ဟု နိရဉ္စသတင်းဌာနသို့ပြောသည်။။

လက်ရှိကျောက်ဖြူမြို့တွင် K Pay နှင့် Wave Money ဖြင့် မိသားစုများသို့ ငွေလွှဲသူအများဆုံး စစ်ကောင်စီတပ်ဖွဲ့များဖြစ်ကြောင်း သိရှိရသည်။

ရခိုင်တိုက်ပွဲစတင်သည့် နိုဝင်ဘာလကပင် ကျောက်ဖြူမြို့အဝင်အထွက်လမ်းကြောင်းများကို စစ်တပ်ကပိတ်ဆို့လိုက်ပြီး နယ်ဘက်သို့ဆေးဝါးနှင့်စားနပ်ရိက္ခာများ သယ်ယူခွင့် ပိတ်ပင်ထားခြင်း ဖြစ်ပြီး ဖြတ်သန်းသွားလာသည့်ဒေသခံများထံမှအတင်းအဓမ္မ ငွေညှစ်တောင်းယူနေခြင်း ဖြစ်ကြောင်း ဒေသခံများကပြောဆိုကြသည်။

 

ဆက်စပ် သတင်းများ