ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

စစ်တွေမြို့ ကံကော်ကျွန်းတွင် မိုင်းနင်းမိပြီး အမျိုးသမီးတစ်ဦးအပါအဝင် ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ၊ အရေးပေါ်ဆေးကုသမှုခံယူရန်လိုအပ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 596

စောရှင်မေ၊ နိရဉ္စရာ၊ ဧပြီ ၂၁/၂၀၂၄

ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ ကံ့ကော်ကျွန်းတွင် ယနေ့ နံနက်က မြေမြုပ်မိုင်းနင်းမိ၍ အမျိုးသမီးတစ်ဦးအပါအဝင် ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိထားကြောင်း သိရသည်။

၎င်းတို့မှာ အရေးပေါ်ကူညီရန်လိုအပ်နေပြီး၊ မြေမြုပ်မိုင်းနင်းမိသည့် ဒဏ်ရာကြောင့် လက်ရှိ သွေးထွက်လွန်၍ မခံမရပ်နိုင်အောင်ခံစားနေရကြောင်း၊ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များနှင့် အဆက်အသွယ်မရသေးကြောင်း နိရဉ္စရာမှတဆင့်အကူအညီတောင်းခံကြောင်း ပြေဆိုသည်။

" ကျွန်တော်တို့ မနက် ၅ နာရီကျော်လောက်ကနေ မြေမြုပ်မိုင်းနင်းမိတာပါ။ အခုဆိုရင် ၂ ယောက်သေပြီးတော့ ၄ ယောက်ဒဏ်ရာရထားပါတယ်။ ကျွန်တော်တို့ မခံစားနိုင်တောဘူး။ အကူအညီတစ်ချက်လောက် မြန်မြန်လေးကူညီပေးပါဗျာ " ဟုပြောသည်။

ဒဏ်ရာရရှိသွားသူများတွင် စစ်တွေမြို့နယ် ကျေးတောပိုက်ဆိပ်ကျေးရွာမှ အသက် ၄၇ နှစ်အရွယ် ဦးကျော်မြသိန်းအပါအဝင် ၄ ဦးဖြစ်ပြီး သေဆုံးသူ ၂ ဦးရှိကြောင်း ကနဦးသတင်းအရ သိရှိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရွှေရောင်မေတ္တာဖောင်ဒေးရှင် လူမှု့ကူညီရေးအသင်းမှ တာဝန်ရှိသူ အားဆက်သွယ်ရာ ၎င်းတို့အနေဖြင့် လူနာများဖြင့်အဆက်အသွယ်ရပြီးဖြစ်သော်လည်း လတ်တလောတွင် စစ်တွေတပ်ထိန်းဂိတ်မှ မည်သူတစ်ဦးတစ်ယောက်ကိုမှ ဖြတ်သန်းခွင့် မပြုသည့်အတွက် အခက်အခဲကြုံနေရကြောင်းပြောသည်။

အသေးစိတ်အချက်အလက်က နိရဉ္စရာကဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဆက်စပ် သတင်းများ