အင်္ဂါ၊ မေလ ၁၄ရက်၊ ၂၀၂၄

စစ်ကောင်စီနေဗီမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောက်ဖြူမြို့နယ်မှ ဒွေးချကျေးရွာ မီးလောင်ပြီး နေအိမ် ၂၈ လုံးဆုံးရှုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 655

စိုးစံအောင်၊ နိရဥ္စရာ၊ ဧပြီ ၂၁ / ၂၀၂၄

စစ်ကောင်စီနေဗီများမှ အကြောင်းမဲ့လက်နက်ကြီးများဖြင့် လူနေကျေးရွာထဲ ပစ်ခတ် တိုက်ခိုက်မှုကြောင့် ကျောက်ဖြူမြို့နယ်၊ စနဲမြို့၊ ဒွေးချကျေးရွာတွင် ယခုမွန်းလွဲပိုင်း မီးပြင်းထန်စွာ လောင်ပြီး အိမ် ၂၈ လုံး ဆုံးရှုံးသွားသည်ဟု တင်းရရှိသည်။

ယနေ့ဧပြီလ ၂၁ ရက်၊ မနက်အစောကြီးကပင် စနဲတောင်မော်ကြီးရေတပ်စခန်းနှင့် ယင်းရေတပ် စခန်းအောက်ဘက် သံဇစ်မြစ်ကြောင်းမှ နေဗီစစ်ရေယာဥ်များက လက်နက်ကြီးများ ဆက်တိုက် ပစ်ခတ်နေပြီး မွန်းလွဲပိုင်းတွင် ဒွေးချရွာမှ နေအိမ်များမီးလောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

" ဒီနေ့မနက်အစောကြီးကတည်းက စစ်တပ်နေဗီတွေကလက်နက်ကြီးတွေပစ်နေတာ။ အချက်ပေါင်း ရေလို့ မရတော့ဘူး။ ဒွေးချရွာထဲကိုတော့သုံးလေးလုံးကျတယ်လို့သိရတယ်။ ကျပြီးတော့ မီးလောင်နေတာ" ဟု ကျောက်ဖြူမြို့နယ်ဒေသခံတစ်ဦးကပြောသည်။

ယခုမွန်းလွဲ ၁ နာရီခွဲ ၂ နာရီ အချိန်ိ ဒွေးချကျေးရွာတွင်  မီးပြင်းထန်စွာလောင်ကျွမ်းနေခဲ့ပြီး အနည်းဆုံး နေအိမ် ၂၈ လုံး မီးထဲပါသွားခဲ့သည်ဟုလည်း သူက​ပြောသည်။

" မီးကတော်တော်ပြင်းပြင်းလောင်ခဲ့တာ အိမ် ၂၈ ပါသွားတယ်။ တော်တော်ရက်စက်တဲ့ လုပ်ရပ်ဘဲ" ဟု ဆက်လက် ပြောသည်။

စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာများဘက်သို့ရမ်းသန်းပစ်ခတ်နေခြင်းဖြစ်ပြီး ယခုဧပြီလအတွင်း တောင်မော်ကြီးရေတပ်စခန်းမှ ရမ်းသန်းပစ်ခတ်မှုများ ဆက်တိုက် ပြုလုပ်လာကြောင်း ဒေသခံများကပြောသည်။

ဧပြီလ ၁၀ ရက်၊ မနက် ၁၀ နာရီခွဲဝန်းကျင်တွင် စနဲမြို့အနီး တောင်ပုံကြီးရေတပ်စခန်းမှပစ်ခတ်သည့် လက်နက်ကြီးကျည်နှစ်လုံးမှာ ရွှေဟင်္သါရပ်ကွက်ထဲသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။

ယင်းအပြင် စနဲမြို့ကို ယနေ့ဧပြီ ၁၈ရက် နေ့လယ် ၁ နာရီခန့်က ဇင်ချောင်း မြစ်ပေါ်တွင် ရပ်နားထားသည့် စစ်ကောင်စီနေဗီပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့်အပြင် ဒရုန်းများဖြင့်ပါ ပစ်ခတ်၍ ဒေသခံ ရာနှင့်ချီ၍ ထွက်ပြေးခဲ့ရကြောင်း မြို့ခံများကနိရဥ္စရာသို့ပြောသည်။

ဆက်စပ် သတင်းများ