စနေ၊ မေလ ၄ရက်၊ ၂၀၂၄

စစ်တွေမှ စစ်ဘေးရှောင်ရန် ထွက်ပြေးသူ လူ ၂ဝဝ ကျော်ကို ကံ့ကော်ကျွန်းတွင် စစ်ကောင်စီက သေနတ်ဖြင့် လှမ်းပစ်၍ ထွက်ပြေးရာ မိုင်းနင်းမိ၍ သေဆုံးမှုများရှိ ၊ ဒဏ်ရာရရှိသူအများအပြားရှိနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.4k

( ဒဏ်ရာရရှိသူ လူ ၁ဝ ခန့်ရှိသည်ဟု သတင်းထွက်ပေါ်နေပြီး ပေါင်း ဝဝ ကျော်ကိုစစ်ကောင်စီက ဖမ်းဆီးသွားဟုဆို)

အိမ်စိုးဖြူ/ နိရဉ္စရာ၊ ဧပြီ ၂၁/၂ဝ၂၄

ရခိုင်ပြည်၊ စစ်တွေမြို့တွင် ယမန်နေ့ ဧပြီလ ၂ဝ ရက်နေ့ညအချိန်တွင် စစ်ဘေးရှောင်ရန် ထွက်ပြေးသူ လူ ၂ဝဝ ကျော်ကို ကံ့ကော်ကျွန်းရှိ စစ်ကောင်စီတပ်က သေနတ်ဖြင့် လှမ်းပစ်သဖြင့် ထွက်ပြေးကြရာ မိုင်းနင်းမိ၍ သေဆုံးဒဏ်ရာရရှိသူ အများအပြားရှိခဲ့ကြောင်း သတင်းရရှိသည်။

၎င်းပြင် စစ်ကောင်စီက ကားများဖြင့် ဖမ်းဆီးခေါ်ဆောင်ခံရသူ လူ ၁ဝဝ ကျော်ရှိခဲ့ကြောင်း စစ်ဘေးရှောင်ရန်ထွက်ပြေးရာမှ စစ်ကောင်စီလက်မှ ထွက်ပြေးလွတ်မြောက်လာသူတစ်ဦးက နိရဉ္စရာအားပြောသည်။

ကျွန်တော်တို့ကို ပွဲစားတွေက စစ်တွေကနေ ကွမ်းတောင်ထိ ငွေနှစ်သိန်းခွဲနဲ့ ပို့ပေးမယ်ပြောပါတယ်။ နေ့ခင်းနှစ်နာရီကနေ ခေါ်ပြီး သံတော်လီရွာကိုခေါ်သွားတယ်။ လူတွေက အဖြတ်လိုက် ရောက်လာကြပါတယ်။ နေဝင်စမှာ ကျွန်တော်တို့ ဂံ့ဂေါ်ကျွန်းကို လှေနဲ့ကူးပါတယ်။ အဲဒီမှာ အုတ်ဖိုလိုလိုနေရာမှာ ကျွန်တော်တို့ကိုစုထားပါတယ်။ ၁ဝ နာရီဝန်းကျင်လောက်မှာ ခြေလျင် လျှောက်ရပါတယ်။ အဲဒီကံ့ကော်ကျွန်းမှာစစ်သားတွေရှိပါတယ်။ အဲဒီက သေနတ်နဲ့ လှမ်းပစ်ပါတယ်။ အဲဒီမှာ ရုန်းရင်းဆန်ခန့်နဲ့ ပြေးကြပါတယ်။ အဲဒီမှာ အဘွားကြီးတစ်ယောက် မိုင်းနင်းမိပြီး လဲကျသွားပါတယ်။ ကျွန်တော်တို့ရှေ့နားမှာပါ ဟုပြောသည်။

ယင်းအချိန်တွင် စစ်ကောင်စီက သေနတ်ဖြင့် ထပ်မံလှမ်းပစ်သဖြင့် လမ်းဘေးဆင်း၍ ဝပ်နေခဲ့ပြီး အခွင့်အရေးရသည်နှင့် ချောင်းထဲမှဆင်း၍ ထွက်ပြေးလွတ်မြောက်လာပုံကို ပြန်ပြောပြသည်။

"သေနတ်နဲ့ လှမ်းပစ်လို့ အဲဒီနားက ဝပ်ခံပါတယ်။ နောက်ထပ်လှမ်းပစ်တော့ ဝပ်ခံလို့ အဆင်မပြေတော့ဘူး။ အဲဒါကြောင့် နောက်ပြန်ဆုတ်ပြေးကြပါတယ်။ အဲဒီမှာ ကျွန်တော်တို့မှာ တဖွဲတည်းပါတဲ့ယောင်္ကျားငါးယောက်မှ သုံးယောက်က သုံးဆောင်ရွာဘက်ကို ချောင်းက ကူးပြေးသွားပါတယ်။ ကျွန်တော်တို့နှစ်ယောက်လည်းပြေးဖို့လုပ်တော့ ကျွန်တော်တို့ဘေးမှာ မိန်းမနှစ်ယောက် ကလေးရင်ခွင်ပိုက်လေးနဲ့ပါ။ အဲဒီနားမှာ သူတို့သုံးယောက်နဲ့ ကျွန်တော်တို့ နှစ်ယောက်။ ငါးယောက်ဝပ်နေကြပါတယ်။ အဲဒီမှာ စစ်ကားလာပါတယ်။ မီးထွန်းလို့ပါတယ်။ ဒီတော့ ကျွန်တော်တို့ အဲဒီမှာ ဝက်နေလို့ အဆင်မပြေတော့ဘူး။ သူတို့လှမ်းပစ်မယ်။ အဲဒီတော့ ကျွန်တော်တို့ ချောင်းထဲဆင်းခါနီး အဲဒီမိန်းမတွေက ရင်နာဖို့သိပ်ကောင်းပါတယ်။ ကလေးကို ကျွန်တော်တို့ကို အပ်ပါတယ်။ ကလေးကိုယူသွားပါတဲ့။ သူ့မှာ နောက်ထပ် လမ်းလျှောက်တက်စသားလေးက လူအုပ်နဲ့ ရောပါသွားပါတယ်တဲ့။ လူကွဲသွားပါတယ်။ ကျွန်တော်တို့က ကလေးကိုယူသွားလို့ရတယ်။ ကျန်ခဲ့တဲ့ကလေးကို သွားရှာလို့ပြောတယ်။ ဒါပေမယ့် သွားပြန်ရင် မိုင်းနင်းမိပြီးသေမယ်။ မဟုတ်ရင်အဖမ်းခံရမယ်။ အဲဒီအချိန်မှာ မိုင်းနောက်ထပ်နှစ်လုံးပေါက်ပါတယ်။ အဲဒီမှာ လူဘယ်လောက်သေတယ်တော့မသိဘူး။ ကျွန်တော်တို့ရှေ့ကပေါက်တဲ့အဘွားကြီးကတော့သေတယ်။ မျက်မြင်ပါ။ဟု သူကပြန်ပြောင်းပြောပြသည်။


ထွက်ပြေးလွတ်မြောက်လာသည့် ၎င်းတို့ နှစ်ဦးကို သံတော်လီဘက်မှ မွတ်ဆလင်နှစ်ဦးကတွေ့၍ အကူအညီပေးခဲ့ကြောင်း၊  နောက်ထပ်လူများအား ကယ်ဆယ်ပေးရန် တောင်းပန်ခဲ့သဖြင့် ည ၂ နာရီခန့်တွင် လှေဖြင့် သွားရောက်ကယ်ဆယ်ပေးခဲ့ကြောင်း သူကဆက်ပြောသည်။


လွတ်မြောက်လာသူ စုစုပေါင်း အယောက် ၃ဝ ကျော်ခန့်ရှိပြီး နောက်ထပ်ဖမ်းဆီးခံရသူ လူ ၁ဝဝ ကျော်နှင့် သေဆုံးသူ ၂ ဦးအပြင် ထိခိုက်ဒဏ်ရာရရှိသူ ၁ဝ ဦးခန့်ရှိခဲ့ကြောင်း ကနဦးသိရှိရသော်လည်း နိရဉ္စရာအနေဖြင့် သေဆုံးဒဏ်ရာရရှိသူ မိသားစုဝင်များနှင့် ဆက်သွယ်မှုရရှိအောင် ကြိုးစားနေဆဲ ဖြစ်သည်။

ဒဏ်ရာရရှိသွားသူများတွင် စစ်တွေမြို့နယ် ကျေးတောပိုက်ဆိပ်ကျေးရွာမှ အသက် ၄၇ နှစ်အရွယ် ဦးကျော်မြသိန်းအပါအဝင် ၄ ဦးဖြစ်ပြီး သေဆုံးသူ ၂ ဦးရှိကြောင်း ကနဦးသတင်းအရ သိရှိရသည်။

နောက်ထပ်စစ်တွေမြို့မှ တက္ကသိုလ်ကျောင်းသူတစ်ဦးက အဘွားနဲ့သမီးတို့ ထွက်ပြေးဖို့ စဉ်းစားကြပါသေးတယ်။ မိုင်းနင်းမိပြီးမနေ့ကလည်း အများကြီးသေတယ်။ စစ်သားတွေလည်း ဖမ်းသွားတယ်ကြားလို့ ထွက်ပြေးဖို့ကို ကြောက်နေကြပြီ။ ထွက်ပြေးလို့လည်းမရ။ မြို့ထဲမှာလည်း မလုံခြုံဘူး။ အခု ဘုမေမွတ်ဆလင်ရွာအဝင်က စစ်ကောင်စီလုံခြုံရေးတပ်မရှိတော့ဘူး။ဟုပြောသည်။


စစ်တွေမြို့မှာ လက်ရှိတွင် စစ်ကောင်စီလက်အောက်တွင်ရှိနေပြီ စားဝတ်နေရေး ကျပ်တည်း လာသဖြင့် မြို့သူ၊ မြို့သားများမှာ နီးစပ်ရာဆွေမျိုးများရှိရာသို့ စစ်ဘေးရှောင်ရန် ထွက်ပြေးမှုများရှိနေပြီး ထွက်ပြေးသူများမှာ မိုင်းအန္တရာယ်ကို  ကြုံတွေ့နေမှုများရှိနေကြောင်း သိရသည်။

ဆက်စပ် သတင်းများ