(စစ်ကောင်စီကလေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်)
စိုးစံအောင်၊ နိရဉ္စရာ ၊ ဧပြီ ၂၂ / ၂၀၂၄
ရခိုင်ပြည်၊သံတွဲမြို့နယ်၊ သူဌေးရေအားလျှပ်စစ်စီမံကိန်းနှင့် တစ်မိုင်ခန့်အကွာတွင်အာရက္ခတပ်တော်(AA) နှင့် စစ်ကောင်စီတပ်တို့ ယနေ့ နေ့လယ်ပိုင်းကစတင်ပြီးတိုက်ပွဲဖြစ်ပွားနေကာ စစ်ကောင်စီတပ်ကလေယာဥ်နှင့်ဗုံးကြဲတိုက်ခိုက်နေကြောင်းဒေသခံများကပြောသည်။
လက်ရှိတိုက်ပွဲဖြစ်ပွားနေသောနေရာမှာသူဌေးရေအားလျှပ်စစ်စီမံကိန်းနှင့် တစ်မိုင်ခန့်သာဝေးသည့် ဒေါ်မြရွာဟောင်းအနီးဖြစ်ကြောင်းသိ၇သည်။
ယနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်စတင်ပြီး စစ်ကောင်စီတပ်က လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်နေပြီး နှစ်ဖက်ပစ်ခတ်သံများလည်း ကြားနေ၇ကြောင်း ဒေသခံများကပြောသည်။
" အခုနှစ်ဖက်ပစ်သံတွေကြားနေရတယ်။လေယာဥ်နဲ့လည်းဗုံးကြဲနေတယ်။ ဖုန်းပြောလို့ အဆင်မပြေဘူး"ဟုတိုက်ပွဲဖြစ်ရာအနီး ဒေါ်မြကျေးရွာမှ ဒေသခံတစ်ဦးကပြောသည်။
ရွှေလှေကျေးရွာဒေသခံတစ်ဦးကလည်း"အခု၁၂ နာရီမတီးခင်လေးက စပြီးလေယာဥ်ဝဲပြီး ဗုံးကြဲနေတာ။ ဒေါ်မြရွာဟောင်းအနီးအနားတွေကိုဗုံးကြဲတယ်လို့ကြားတယ်။ စက်သေနတ် ဆွဲသံတွေလည်း ကြားရတယ်"ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
အဆိုပါတိုက်ပွဲနှင့် ပတ်သက်ပြီး အတည်ပြုချက်ရယူနိုင်ရန် အာရက္ခတပ်တော်ဘက်ကို နိရဥ္စရာသတင်းဌာနက ကြိုးစားဆက်သွယ်နေဆဲဖြစ်သည်။
ဧပြီလ၁၅ ရက်မွန်းလွဲပိုင်းကလည်း စစ်ကောင်စီတပ်သည် သံတွဲမြို့နယ်၊ရွှေလှေတိုက်နယ်၊ပေါက်တောကျေးရွာအနောက်ဘက်တောင်ကုန်းနှင့် ရှင်စောပြင်ကျေးရွာများအနီးသို့တိုက်ပွဲဖြစ်ပွားခြင်းတစ်စုံတစ်ရာမရှိဘဲ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည်။
အာရက္ခတပ်တော်(AA)နှင့်စစ်ကောင်စီတပ်တို့၏ တိုက်ပွဲဒေသပိုမိုကျယ်ပြန့်လာပြီး ၇ခိုင်တောင်ဖက်ပိုင်းသံတွဲမြို့နယ်အထိတိုက်ပွဲများဖြစ်ပွားလာနေသည်။
ဧပြီလ၁၃ ရက်က သံတွဲမြို့နယ်၊ ကွေ့ချောင်းကျေးရွာနှင့် ရေစင်ကျေးရွာကြားတွင်အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးသံတွဲ-တောင်ကုတ်ကားလမ်းကို စစ်ကောင်စီတပ်ကပိတ်ထားလိုက်သည်။