စိုးစံအောင်၊ နိရဥ္စရာ ၊ ဧပြီ ၂၃ / ၂၀၂၄
ရခိုင်ပြည်၊တောင်ကုတ်မြို့အဝင်စစ်ဆေးရေးဂိတ်တွင် တာဝန်ကျနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အချင်းချင်းဓားထိုးမှုဖြစ်ပြီး တစ်ဦးဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း သတင်းရရှိသည်။
ဓားထိုးခံရသူမှာခမ၇ (၅၄၄)မှ စိုးဝင်းဦး (ရာထူးအဆင့်မသိရှိသေး) ဖြစ်ပြီး ဓားဖြင့်ထိုးသူမှာ ၄င်းနှင့် တစ်တပ်တည်းနေ တပ်ကြပ်ကြီး ကံကြီးမောင်ဖြစ်ကြောင်းသိ၇သည်။
၄င်းတို့မှာမအီ-တောင်ကုတ်ကားလမ်းပေါ်ရှိ တောင်ကုတ်တက္ကသိုလ်စစ်ဆေးရေးဂိတ်တွင်တာဝန်ကျနေသူများဖြစ်ပြီး ယမန်နေ့ ဧပြီလ၂၂ ရက် ၊ ည ၉ နာရီအချိန်က အချင်းချင်း စကားများ ရန်ဖြစ်ရာမှ ဓားဖြင့်ထိုးသွားခဲ့ခြင်း ဖြစ်ကြောင်း တောင်ကုတ်မြို့ခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
" မနေ့ကည ၉ နာရီအချိန်လောက်မှာဖြစ်တာ။ သူတို့ကတက္ကသိုလ်စစ်ဆေးရေးဂိတ်မှာ တာဝန်ကျနေတဲ့ စစ်သားတွေ။ တပ်ကြပ်ကံကြီးမောင်က စိုးဝင်းဦးကို ဓားနဲ့နှစ်ချက်ထိုးတယ်လို့သိရတယ်။ ဓားနဲ့ ထိုးပြီးတာနဲ့စစ်ဆေးရေးဂိတ်က ထွက်ပြေးသွားတယ်။ အထိုးခံရတဲ့စစ်သားကတော့တပ်တွင်း ဆေးရုံမှာလို့သိ၇တယ်" ဟု သူကပြောသည်။
တပ်ကြပ်ကြီးကံကြီးမောင်သည်စိုးဝင်းဦး၏ နောက်ကျောကို ဓားဖြင့်နှစ်ချက်ထိုးပြီးနောက် စစ်ဆေးရေးဂိတ်ကနေ ထွက်ပြေးသွားရာ ယမန်နေ့ညပိုင်းကပင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကလိုက်လံရှာဖွေနေကြောင်း သိ၇သည်။
" မနေ့ကညပိုင်းကတော့စစ်ဆေးရေးဂိတ်နဲ့သိပ်မဝေးတဲ့ မီးကျောင်းထိုးရွာဖက်တွေကို လိုက်ရှာ နေကြတယ်။တပ်ကြပ်ကံကြီးမောင်ထွက်ပြေးသွားလို့လိုက်ရှာကြတာ။ လက်နက်ပါသွားလား မပါဘူးလားဆိုတာတော့ အတိအကျ မသိရသေးဘူး " ဟု အဆိုပါ တောင်ကုတ်မြို့ခံသတင်းရင်းမြစ်က ပြောသည်။
စစ်ကောင်စီသည်မအီ-တောင်ကုတ်လမ်းပိုင်းမှ တက္ကသိုလ်စစ်ဆေးရေးဂိတ်၊သံတွဲ-တောင်ကုတ် လမ်းပိုင်းမှခမ၇ ၃၄၆ ဖုံညိုတံတားရင်း စစ်ဆေးရေးဂိတ်၊ပန်းတောင်း-တောင်ကုတ်လမ်းပိုင်းရှိ ကြိုးကြာကွင်းစစ်ဆေးရေးဂိတ်များတည်ရှိပြီး တောင်ကုတ်မြို့ အဝင်အထွက်ကို ပိတ်ဆို့ထားသည်။