စနေ၊ မေလ ၄ရက်၊ ၂၀၂၄

အမ်း-ရိုးမရှိ ရေနံနှင့် သဘာဝဓာတ်ငွေပိုက်လိုင်းကို လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်စခန်း ရုတ်သိမ်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 3.1k

ကြိုင်ဟိန်းလင်း နိရဉ္စရာ၊ ဧပြီ ၂၃/ ၂၀၂၄

စစ်‌အာဏာသိမ်းပြီးနောက်  ရခိုင်ပြည်၊ အမ်း- ရိုးမရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်စခန်းကို ယခုရက်ပိုင်းအတွင်း ပြန်လည်ရုတ်သိမ်းသွားကြောင်း သိရှိရသည်။

 

ကျောက်ဖြူမြို့နယ်ကနေ တရုတ်နိုင်ငံသို့ ဆက်သွယ်ထားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို လုံခြုံရေးယူထားသည့် တပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ဧပြီ ၂၁နှင့် ၂၂ ရက်နေ့များက စခန်းကို ပြန်လည် ရုတ်သိမ်းသွားသည်ဟု ဒေသခံတစ်ယောက်က ပြောသည်။

 

" အမ်း- ရိုးမထဲမှာရှိတဲ့ တောင်စောက်ပိုက်လိုင်းထိန်းချုပ်ရေးစခန်းကို လုံခြုံရေးယူထားတဲ့ စစ်ကောင်စီ တပ်သားတွေဟာ ပြန်လည်ပြီးတော့ ရုတ်သိမ်းသွားတယ်" ဟု ပြောသည်။

 

စစ်ကောင်စီတပ်သားများအနေဖြင့် မည်သည့်အတွက်ကြောင့် အဆိုပါတပ်စခန်းကို ရုတ်သိမ်းသွားသည်ကို မသိရှိနိုင်သေးသော်လည်းလက်ရှိ အမ်းမြို့နယ်တွင် အေအေနှင့် စစ်ကောင်စီတို့အကြား ပြင်းထန်စွာဖြစ်ပွားနေသော တိုက်ပွဲများနှင့်ဆက်စပ်နိုင်သည်ဟု ၎င်းက ပြောဆိုသည်။


ရခိုင်စစ်‌မျက်နှာ ပြန်လည် ပွင့်လာကတည်းက စစ်ကောင်စီတပ်သားများအနေဖြင့် တပ်စခန်းများကို စွန့်ခွာထွက်ပြေးသွားသည်များရှိသလို အင်အားနည်းသော စစ်ကောင်စီ တပ်စခန်းများ အနေဖြင့် အင်အားကြီးမားသည့် တပ်စခန်းများသို့ ပူးပေါင်းသွားသည်များလည်းရှိသည်။

 

အမ်းမြို့နယ်တွင် သင်္ကြန်ကာလအတွင်းက အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ ၎င်းတို့  တပ်စခန်းများ မကျဆုံးစေရန် ကြေးတပ်၊ လေတပ်တို့ဖြင့် အပြင်းအထန်ခုံခံတိုက်ခိုက်ခဲ့သည်။

 

အမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများသို့ စစ်အသုံးအဆောင် လက်နက်ခဲယမ်းများနှင့် စစ်‌ကူများ ထပ်မံမရောက်ရှိနိုင်အောင် အာရက္ခတပ်တော်နှင့် မဟာမိတ်တပ်ဖွဲ့များက အမ်း- ပဒါန်း လမ်းကိုလည်း  ထိန်းချုပ်ထားသည်ဟု ဒေသခံများက ပြောသည်။

 

စစ်ကောင်စီဖက်ကလည်း ၎င်းတို့ထိန်းချုပ်မှုအောက်တွင် ရှိနေသေးသည့် အပြစ်မဲ့ အမ်းမြို့ခံများကို သွားလာခွင့်များ မပေးဘဲ ဓားစာခံအဖြစ် ပိတ်လှောင်ထားသည်ဟု သိရှိရသည်။

 

စစ်ကောင်စီထိန်းချုပ်မှုအောက်တွင် ရှိနေသည့် အမ်းမြို့ခံများမှာ စားဝတ်နေရေး အခက်အခဲကို ရင်ဆိုင်နေရသလို အသက်ရှင်ရပ်တည်ဖို့အတွက်လည်း ခြိမ်းခြောက်မှုများရှိနေကြသည်။

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!