စနေ၊ မေလ ၄ရက်၊ ၂၀၂၄

အမ်းမြို့နယ်တွင် အစာရေစာပြတ်လပ်ပြီး အမျိုးသားတစ်ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 887

(ကလေးငယ်များနှင့် သက်ကြီးပိုင်းအရွယ်များ အသက်အန္တရာယ်ရှိလာနိုင်)

သဉ္ဇာနွယ်/ နိရဉ္စရာ၊ဧပြီ ၂၃/ ၂၀၂၄

ရခိုင်ပြည်၊ အမ်းမြို့နယ်တွင် စားနပ်ရိက္ခာပြတ်တောက်နေပြီး ယမန်နေ့ ဧပြီလ ၂၂ ရက်နေ့က ဘုတ်ချောင်းကျေးရွာမှ အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦးမှာ အဟာရပြတ်၍ သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ အမ်းမြို့နယ်၊ ဘုတ်ချောင်းကျေးရွာမှ အဖ ဦးတာတေ၏သားဖြစ်သူ ဦးတင်ဝင်း အသက်(၅၃)နှစ်ဖြစ်သည်။

သေဆုံးသူ ဦးတင်ဝင်းမှာ ဆန်မရှိတော့သဖြင့် ထမင်းနှစ်ရက်တိတိမစားထားဘဲ အနီးအနားကျေးရွာ ဖြစ်သည့်ထန်းချောင်းကျေးရွာကို ဆန်ဝယ်သွားပြီးပြန်လာရာ လမ်းခုလတ်တောလမ်းလမ်းတွင် အမောဖောက်၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ၎င်းကျေးရွာမှ ရပ်မိရပ်ဖတစ်ဦး နိရဉ္စရာကိုပြောသည်။

သားသမီးမိသားစု ၈ ယောက်ရှိတယ်။ တစ်နပ်ကို ဆန် ၁၀ ဘူးချက်ရတယ်။ အခု ဆန်မရှိလို့ တနပ်ကို လူ ၁၀ ယောက်အတွက် ၄ ဘူးစားရတယ်။ ဆန်ပြတ်နေတာ မစားရတာ ၂ ရက်ရှိပြီ။မနေ့က သူ့သားအကြီးဆုံးနဲ့တူတူ ဆန်သွားထမ်းကြတာပါ။ ထန်းချောင်းနဲ့ သုံးမိုင်လောက်ကွာဝေးတဲ့ တောလမ်းအရောက်မှ လူကြီးဆိုတော့ ခံနိုင်ရည်မရှိဘဲ လမ်းတစ်ဝက်မှာ ကတုန်ကယင်ဖြစ်ပြီး သေသွားရတယ်။ ထမင်းလည်းမစားရသေးဘူး။ အရမ်းသနားဖို့ကောင်းပါတယ်ဟုပြောသည်။

လက်ရှိ  ရခိုင်တွင် ဆန်တစ်အိတ်ကို ၂ သိန်းကျော်အထိပေးဝယ်နေရပြီး အမ်းမြို့နယ်တွင် ဆန်ပြတ်လပ်နေသည့် အခြေအနေနှင့်ကြုံတွေ့နေရကြောင်း သိရသည်။

အမ်းတွင် ဆန် ၁ တင်းကို ၁သိန်း ၇ သောင်းအထိဈေးမြင့်တက်နေပြီး ပိုက်ဆံရှိသော်လည်း ဆန်ဝယ်မရနိုင်သည့် အခြေအနေနှင့် ရင်ဆိုင်နေကြရပြီး စားဝတ်နေရေးကျပ်တည်းမှုကြောင့် စိတ်ဖိစီးမှုများနေရသည်ဟု အမ်းမှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးကပြောသည်။

ပိုက်ဆံရှိရင်တောင်ဆန်ရှာမရပါဘူး။ မရှိတဲ့သူဆို တကယ်ငတ်နေပြီ။ တကယ်စိတ်ပင်ပန်းတယ်မိသားစုကများ ကလေးတွေကရှိသေးတယ်။ဘယ်လိုပြောရမှန်းကိုမသိဘူး။ အခုဆိုရင်သေတဲ့ လူပါရှိနေတော့ စိတ်မကောင်းဖြစ်မိတယ်။ ဘယ်လောက်ထိ ကြာအုံးမယ်မသိဘူး၊ လမ်းတွေပိတ်ထားတာဟု‌ပြောသည်။

အမ်မြို့နှင့် အမ်းအောက်ရွာများဖြစ်သည် ပတ်ကွေ့၊ ဆင်ခုံတိုင်၊ ငပြယ်၊ တောင်စောက်၊ ကမြင်းကန်၊ ဇာဒီမော်၊ ဘုတ်ချောင်း၊ ဒိုင်ကြီး၊ ဒိုင်ကလေး စသည့် ကျေးရွာများအပါအဝင် ရွာပေါင်း (၁ဝ)ကျော်တွင် စားနပ်ရိက္ခာပြတ်တောက်နေကြောင်းဒေသခံများမှ သိရသည်။

 

၎င်းအပြင် အမ်းမြို့နယ်တွင် စစ်ဘေးရှောင် ထောင်နှင့်ချီ၍ ရှိနေပြီး ချင်း၊ ခမီ၊ မြို စသည့် တိုင်းရင်းသား အများအပြား နေထိုင်ကြပြီး အများစုမှာ လက်လုပ်လက်စားများဖြစ်ကြသည်။

အမ်းမြို့နယ်အတွင်း အဝင်အထွက်လမ်းများကို အမြန်ဆုံးပြန်လည်ဖွင့်လှစ်ပေးရန် လိုအပ်နေပြီး ဆက်လက်ပိတ်ထားပါ အငတ်ဘေးကျရောက်ပြီး အခြေအနေ ပိုဆိုးနိုင်သည်ဟု ဒေသခံများက ပြောဆိုသည်။

 

ဆက်စပ် သတင်းများ