စနေ၊ မေလ ၄ရက်၊ ၂၀၂၄

ကျောက်ဖြူတွင် တောင်ယာကိုဟင်းခူးသွားရာမှ စစ်ကောင်စီထောင်ထားသသည့် မြေမြှုပ်မိုင်းနင်းမိ၍ အမျိုးသားနှစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 498

သဉ္ဇာနွယ်

နိရဉ္စရာ၊ ဧပြီ ၂၃/ ၂၀၂၄

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ဧပြီလ ၂၂ ရက်နေ့ နံနက်က တောင်ယာသို့ ဟင်းခူးသွားရာမှ စစ်ကောင်စီထောင်ထားသည့် မြေမြှုပ်မိုင်းနင်းမိ၍ အမျိုးသားနှစ်ဦး ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဒဏ်ရာရရှိသူများမှာ ကျောက်ဖြူမြို့နယ်၊ ပြိုင်းစေ့ကေကျေးရွာမှ အဖ ဦးမောင်အေးလှ၏သားဖြစ်သူ ဦးတင်ဝင်း အသက်(၄၄)နှစ် (ဘယ်ဖက်ခြေထောက်ပြတ်)ဒဏ်ရာနှင့် တစ်ရွာထဲနေ ဦးမောင်ချင်းဖြူ၏သား ကိုမောင်မြင့်ဝင်း အသက်(၂၂)နှစ်တို့မှာ အမျိုးသားအင်္ဂါနှင့် ပေါင်ကြားများအပြင် ခန္ဒာကိုယ်အနှံ့ မိုင်းစထိ ပြတ်ရှဒဏ်ရာများ ရရှိခဲ့ကြောင်း မိသားစုဝင်တစ်ဦးက နိရဉ္စရာအားပြောသည်။

“ ရွာနဲ့အနီးက တောင်ဖက်မှာ ခရမ်းသီးသွားခူးကြတာ။ အဲ့ဒီနားက သစ်ခေါက်ပွင့် လည်းသွားကောက်ကြတဲ့အချိန်မှာ အဲ့ဒီအပင်အောက်နားမှာထောင်ထားတဲ့ မိုင်းကိုနင်းမိတာ” ဟု အဆိုပါဒေသခံကပြောသည်။

အဆိုပါကျေးရွာသားများသည် လက်လုပ်လက်စားများဖြစ်ကြပြီး လက်ရှိ ကျောက်ဖြူမြို့ဆေးရုံတွင် ဆေးကုသမှုခံယူနေရပြီး အကူအညီများလိုအပ်နေကြောင်းအဆိုပါ မိသားစုဝင်က ဆက်ပြောသည်။

“ နယ်ဖက်တွေအများစုက နွားကျောင်းရင်း ဟင်းခူးရင် မိုင်းနင်းမိကြတဲ့လူတွေများလာတယ်။ ဒီအလုပ်ကို မလုပ်စားရင်လည်း ထမင်းစားရမှာမဟုတ်ဘူး။ အခု အပြင်တွေကိုထွက်ပြီး အလုပ်လုပ်ကြတဲ့ အမျိုးသားတွေပဲ မိုင်းနင်းတာတွေရှိလာတယ်။ အခုလည်း ဆေးကုဖို့အကူညီတွေလိုနေပါတယ်” ဟုပြောသည်။

အဆိုပါပြိုင်းစေ့ကေကျေးရွာတွင် လွန်ခဲ့သည့် ဖေဖော်ဝါရီ (၉)ရက်နေ့ကလည်း  ဦးမောင်လှရီ (၄၅)နှစ်ဆိုသူ မိုင်းနင်းမိ၍ ခြေထောက်ပြတ်တောက်သွားခဲ့သည်။

ကျောက်ဖြူတွင် စစ်ကောင်စီက ၎င်းတို့တပ်စခန်းချထားသည့် နေရာအနီးအနားနှင့် တောင်တန်း၊ တောင်ကုန်းတို့တွင် မိုင်းထောင်ထားသည်ကို သိရှိသော်လည်း စားဝတ်နေရေး အခက်အခဲဖြစ်လာနေသည့် ဒေသခံများအနေဖြင့် အနီးအနားတောင်ယာမှ ဟင်းသီးဟင်းရွက်များကိုသာ အားထားစားသုံးနေကြရကြောင်း ကျောက်ဖြူဒေသခံများက ဆိုသည်။

ရခိုင်တွင် ဧပြီ  ၂၀ ရက်မှ ၂၂ ရက်အထိ (၃) ရက်အတွင်း မိုင်းနင်းမိပြီး သေဆုံးသူတစ်ဦးနှင့် ဒဏ်ရာရသူ (၃) ဦးအထိရှိခဲ့ကြောင်း သိရသည်။

ရခိုင်တွင် စစ်ကောင်စီ၏ မြေမြှုပ်မိုင်းကြောင့် အပြစ်မဲ့ ပြည်သူများ အသက်ဆုံးရှုံးနေပြီး ကိုယ်လက်အင်္ဂါဆုံးရှုံးမှုများရှိနေသည့်အတွက် မိုင်းအန္တရာယ်ကို အထူးသတိထားသင့်ပြီး မိုင်းအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်နေကြောင်း ဒေသခံလူမှုရေးလှုပ်ရှားသူများက ပြောဆိုနေကြသည်။

ဆက်စပ် သတင်းများ