စနေ၊ မေလ ၄ရက်၊ ၂၀၂၄

နောက်ထပ် တိုက်ပွဲဖြစ်ပွါးမှုမရှိဘဲ အမ်း-တောင်ကုတ် တောင်ကြောတလျှောက် စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 531

(လူနေကျေးရွာများအနီး ကျရောက်မည်ကို ဒေသခံများ စိုးရိမ်နေကြ)

သဉ္ဇာနွယ်

နိရဉ္စရာ၊ဧပြီ ၂၃/ ၂၀၂၄

ရခိုင်ပြည်၊ အမ်း-တောင်ကုတ် တောင်ကြောတလျှောက်ကို စစ်ကောင်စီက ယနေ့ နံနက်ပိုင်းက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်နေသဖြင့် လူနေကျေးရွာများကို ကျရောက်မည်ကို ဒေသခံများက စိုးရိမ်နေကြကြောင်းသိရသည်။

အမ်း-တောင်ကုတ် ကားလမ်းတွင် ယမန့်နေ့ ဧပြီ ၂၂ ရက် ည ၁၁နာရီကျော်ခန့် မှ ၁၂ နာရီအထိ အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီက အဆိုပါ တောင်ကြောတလျှောက်ကို လက်နက်ကြီး လက်နက်ငယ်များဖြင့် လှမ်းပစ်နေခြင်းဖြစ်ကြောင်း အမ်းမြို့ခံ အမျိုးသားတစ်ဦးက နိရဉ္စရာသတင်းဌာန ကိုပြောသည်။

“ အမ်း-တောင်ကုတ်လမ်းကြောမှာဆိုရင် စစ်ကောင်စီရဲ့ တမိုင်ကုန်းကင်းစခန်းရှိတယ်။ မနေ့ညက ၁၀နာရီလောက်ကနေ ၁၂နာရီလောက်အထိ လက်နက်ကြီးတွေ အပြန်အလှန်ပစ်ခတ်သံတွေရှိခဲ့တယ်။ တိုက်ပွဲလားဆိုတာတော့ သေချာမပြောနိုင်ဘူး။ ဒီ တမိုင်ကုန်းဖက်ကမြို့နဲ့နီးတယ် ဟိုဖက်မှာဆိုရင် တောတွေရှိတယ်” ဟုပြောသည်။

နောက်ထပ်တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ အမ်းအခြေစိုက်တပ်ရင်းများမှ လက်နက်ကြီး၊လက်နက်ငယ်များ ဆက်လက်ပစ်ခတ်နေသည့်အတွက် လူနေကျေးရွာများကို ကျရောက်ပြီး သေဆုံးဒဏ်ရာရမှု၊ ထိခိုက်ပျက်စီးမှုများရှိလာမည်ကို စိုးရိမ်ကြောင်း  တောင်ကုတ်မြို့နယ်မှ အမျိုးသမီးတစ်ဦးက ပြောသည်။

“ လက်နက်ကြီးတွေကတော့ မြို့နဲ့နီးတဲ့ စစ်ကောင်စီ တပ်ရင်း ၃၇၁တို့ ၃၇၂ တို့ဖက်က လှမ်းပစ်နေတယ်။ ဒါပေမယ့် အတိအကျ ဘယ်တပ်ကပစ်နေတာလည်းမသိဘူးပေါ့နော်။ အရပ်သားတွေကို ထိခိုက်မှာစိုးရိမ်တယ်” ဟုပြောသည်။

အမ်းမြို့နယ်တွင် ကဇုကိုင်းတောဟိန်းတောင်ဗျူဟာကို အာရက္ခတပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေပြီး ပြတ်လုနီးပါးဟု ‌ဒေသအတွင်းသတင်းများထွက်ပေါ်နေသဖြင့် စစ်ကောင်စီက  အမ်းမြို့ပတ်ပတ်လည်နှင့် တောတောင်များရှိနေရာအနှံ့အပြားတွင် မိုင်းထောင်နေသည်ကို တွေ့ရကြောင်း ဒေသခံများ၏ ပြောပြချက်အရသိရသည်။

ဆက်စပ် သတင်းများ