လူထက်နိုင်(ဒွာရာမြီ)/ နိရဉ္စရာ၊ဧပြီ၂၃ / ၂၀၂၄
အာရက္ခတပ်တော်(AA) ဒုစစ်ဦးစီးချုပ်ဒေါက်တာညိုထွန်းအောင်သည် ဧပြီလ၂၄ရက် တွင် ကျရောက်သော သျှမ်းပြည်တပ်မတော် (SSA) နှစ်(၆၀) ပြည့်အခမ်းအနား သို့တက်ရောက်ခဲ့၇ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) ၏ဂုဏ်ထူးဆောင်တံဆိပ်ကိုသျှမ်းပြည်တိုးတက်ရေးပါတီ/သျှမ်းပြည်တပ်မတော်(SSPP/SSA) ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးပန်ဖအားချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
ယနေ့ဧပြီလ၂၄ရက်တွင်ကျရောက်သည့်သျှမ်းပြည်တပ်မတော်SSA ထူထောင်ခြင်းနှစ်(၆၀)ပြည့်အခမ်းအနားကိုSSPP/SSA ဌာနချုပ်ဖြစ်သည့်ကျေးသီးမြို့နယ်၊ဝမ်ဟိုင်းတွင်ကျင်းပခဲ့ရာSSPP/SSA ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးပန်ဖနှင့်အတူအာရက္ခတပ်တော် (AA)၏ဒုစစ်ဦးစီးချုပ်ဒေါက်တာညိုထွန်းအောင်တက်ရောက်ခဲ့ကြောင်းSHAN News (BurmeseVersion) တွင်ဖော်ပြထားသည်။
အဆိုပါအခမ်းအနားသို့ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) နှင့်ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLO/PNLA) တို့ကသဝဏ်လွှာပေးပို့ခဲ့ကြသည်။
“၂၀၂၁အာဏာသိမ်းမှုနောက်ပိုင်းမှာအပြောင်းအလဲရှိခဲ့သလို၂၀၂၃က“၁၀၂၇စစ်ဆင်ရေး”ကာလအပြီးမှာလည်းစစ်ရေး၊နိုင်ငံရေးအပြောင်းအလဲတွေအများကြီးရှိခဲ့ပါတယ်။ပြောင်းလဲလာတဲ့နိုင်ငံရေးရေစီးကြောင်းနဲ့အတူကိုယ့်လူမျိုး၊ကိုယ့်ဒေသအတွက်အကျိုးဖြစ်ထွန်းတဲ့အခြေအနေအချိန်အခါပေါ်မှာမူတည်ပြီးSSPP/SSA နဲ့သျှမ်းပြည်သူလူထုအနေနဲ့ အဖွဲ့အစည်းရဲ့ရည်မှန်းချက်တွေဒီထက်ပိုပြီးမှပဲပြည့်၀နိုင်ပါစေ”ဟုဒေါက်တာညိုထွန်းအောင်ကဂုဏ်ပြုအမှာစကားတွင်ပြောကြားသွားခဲ့သည်။
ထို့အပြင်၇ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA) ၏ဂုဏ်ထူးဆောင်တံဆိပ်ကိုSSPP/SSA ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးပန်ဖအားဒုစစ်ဦးစီးချုပ်ဒေါက်တာညိုထွန်းအောင်ကိုယ်တိုင်ပေးအပ်ချီးမြှင့်ခဲ့ပြီးသျှမ်းပြည်တော်လှန်ရေးနှင့် ပတ်သက်ပြီး အားပေးစကားများ ပြောကြားခဲ့သည်။
၁၉၅၈ခုနှစ်မေလ၂၁ရက်မှစတင်ခဲ့သည့်သျှမ်းလက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်တွင်တကွဲတပြားဖြစ်နေသည့်သျှမ်းတပ်များကို၁၉၆၄ခုနှစ်ဧပြီလ၂၄ရက်တွင်စုစည်း၍မြန်မာနိုင်ငံ၏ပထမဆုံးသမ္မတဖြစ်သူညောင်ရွှေစော်ဘွားစဝ်ရွှေသိုက်၏မဟာဒေဝီစဝ်နန်းဟိန်းခမ်းအားနာယကအဖြစ်တင်မြောက်ပြီးသျှမ်းပြည်တပ်မတော်(Shan State Army – SSA) ဟူ၍တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်းသိ၇သည်။
ဓာတ်ပုံ- SHAN News