အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

တောင်ကုတ်မြို့နယ်၊ဒုံရွာနှင့် မိကျောင်းထိုးရွာကို ဆက်သွယ်ထားသည့် ရွာချင်းဆက်လမ်းကို စစ်ကောင်စီက ဘက်ဟိုးတစ်စီးဖြင့် လာရောက် ဖျက်ဆီးသွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.5k

(ရခိုင်ပြည်၊ မြို့နယ်တချို့တွင် စစ်ကောင်စီက လမ်းများကို ဘတ်ဟိုးဖြင့် တူး၍ ဖျက်ဆီးနေသလို မြေမြှုပ်မိုင်းထောင်မှုများ ပြုလုပ်နေ) 

သဉ္ဇာနွယ်

နိရဉ္စရာ၊ဧပြီ ၂၄/ ၂ဝ၂၄

ရခိုင်ပြည်ရှိ မြို့နယ်တချို့တွင် စစ်ကောင်စီက လမ်းများကို ဘတ်ဟိုးဖြင့် တူး၍ဖျက်ဆီးမှုများပြုလုပ်နေကြောင်း သတင်းရရှိသည်။

တောင်ကုတ်မြို့နယ် ဒုံရွာနှင့်မီးကျောင်းထိုးရွာကို ဆက်သွယ်ထားသည့် ရွာချင်းဆက်လမ်းကို ယမန်နေ့ ဧပြီ ၂၃ ရက်နေ့ နံနက်ပိုင်းက တောင်ကုတ်မြို့မရဲစခန်းမှ ရဲများအပါအဝင် စစ်ကောင်စီအင်အား ၁၀ ယောက်ကျော်ဖြင့် ရောက်ရှိလာပြီး ဘတ်ဟိုးတစ်စီးဖြင့် ဖျက်ဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

“ အဲ့ဒီလမ်းက လမ်းမကြီးတော့မဟုတ်ဘူးပေါ့နော်။ တစ်ရွာနဲ့တစ်ရွာကို သွားဖို့ဆက်ထားတဲ့လမ်းပါ။ အဲ့ဒီလမ်းကို ဒေသခံတွေက ဆိုင်ကယ်တွေ၊ကားအသေးလေးတွေ အသုံးပြုပြီး ပစ္စည်းတွေပို့ ဈေးသွားဈေးလာ အသုံးပြုနေတဲ့လမ်းပေါ့နော်။ အဲ့ဒီလမ်းအသေးတွေကိုတောင် တောင်ကုတ်မြို့မရဲစခန်းက ရဲနဲ့ စစ်သားတွေက ကားနဲ့ရောက်လာပြီး ဖျက်ဆီးသွားကြတယ်” ဟုပြောသည်။

၎င်းအပြင် လွန်ခဲ့သည့် မတ်လအတွင်းကလည်း ရခိုင်နှင့် ပြည်မဆက်သွယ်ထားသည့် အမ်း-စစ်တွေလမ်းပိုင်း အမ်း-တပ်တောင်လမ်းပိုင်းနှင့် အမ်း-မအီလမ်းပိုင်းတို့ဖြစ်သည့် အမ်းမြို့အဝင် ကားလမ်း သုံးခုကို ဘတ်ဟိုးများဖြင့် တူးကာ ကားများဖြင့် သွားလာ၍ မရအောင်ဖျက်ဆီးခဲ့ကြောင်း အမ်းမြို့ဒေသခံများ၏ ပြောပြချက်အရသိရသည်။

စစ်ကောင်စီက ရခိုင်ပြည်နယ်အတွင်း ဖုန်း၊ အင်တာနက်လိုင်းများကို ကန့်သတ်ပိတ်ပင်ထားပြီး အဓိက ကုန်သွယ်မှုလမ်းများ၊ ကျေးရွာချင်းဆက်လမ်းများကို ဖျက်ဆီးလာနေခြင်းမှာ စစ်ရေးအရ ဖြတ်လေးဖြတ်လုပ်ဆောင်နေခြင်းဖြစ်ပြီးကြောင်း ရခိုင်လူမှုရေးလှုပ်ရှားသူတစ်ဦးကပြောသည်။

အမ်းမြို့နယ်မှ လူမှုရေးလှုပ်ရှားသူတစ်ဦးက “ အဓိကက ပြည်သူတွေ စားနပ်ရိက္ခာပြတ်တောက်အောင်လုပ်နေတာပါ။ ပြီးတော့ ဆေးဝါးတွေပြတ်တောက်အောင်လုပ်နေတာပါ။ တိုက်ရင်လည်း သူတို့ချင်း တိုက်ကြပေါ့။ ပြည်သူတွေကို ပစ်မှတ်ထားပြီးလုပ်နေတယ်လို့မြင်တယ်။ နောက်ပြီးသူတို့ စခန်းချတဲ့နေရာအနီးတွေမှာ မိုင်းတွေထောင်ခဲ့မယ်။ ပြည်သူတွေအတွက် အန္တရာယ်ဖြစ်အောင်လုပ်နေကြတာပါ” ဟုပြောသည်။

အဆိုပါလမ်းများအားဖျက်ဆီးနေခြင်းမှာ  ရခိုင်ပြည်သူများ စားနပ်ရိက္ခာပြတ်တောက်အောင် လုပ်ဆောင်နေခြင်းဖြစ်ပြီး လမ်းသွားလမ်းလာများအား အကြောင်းအမျိုးမျိုးပြ၍ ဖမ်းဆီးနိုင်ရေး၊ မြေမြှုပ်မိုင်းများ ထောင်၍ ဒေသခံများကို လုံခြုံမှုမရှိအောင်တမင်တကာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ရခိုင်အရေးစောင့်ကြည့်နေသူများ ဝေဖန်ပြောဆိုကြသည်။

စစ်ကောင်စီသည် ပြီးခဲ့သည် မတ်လ ၁၉ ရက်မနက်ပိုင်းတွင် လည်း တောင်ကုတ်- အမ်းလမ်းဖြစ်သည့် တောင်ကုတ်တက္ကသိုလ်အနီး စစ်ဆေးရေးဂိတ်နှင့် မဟော်သဓာ ကိုယ်ပိုင်အထက်တန်းကျောင်းကြား လမ်းမကြီးကိုဖြတ်၍ ဆည်ဖို့ပစ်လိုက်ပြီး စစ်ဆေးရေးဂိတ်အနီးတွင်လည်း လမ်းကိုဘက်ဟိုးနှင့်တူး၍ဖျက်ဆီးပစ်ခဲ့ကြောင်း တောင်ကုတ်မြို့ဒေသခံများ၏ ပြောပြချက်အရသိရသည်။

ပုံ - ပြီးခဲ့သည့် မတ်လအတွင်းက စစ်ကောင်စီ ဖျက်ဆီးခဲ့သည့် အမ်းမြို့နယ် လမ်းတစ်နေရာ

ဆက်စပ် သတင်းများ