စနေ၊ မေလ ၄ရက်၊ ၂၀၂၄

ကျောက်ဖြူမှ စက်လှေမောင်းသူ အမျိုးသားနှစ်ဦးကို စစ်ကောင်စီကဖမ်းဆီးသွားပြီးနောက် မိသားစုနှင့်အဆက်သွယ်ပြတ်တောက်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 524

(ရခိုင်တိုက်ပွဲကာလအတွင်း စစ်ကောင်စီထံတွင် ဖမ်းဆီးခံရသည့် အရပ်သားများမှ အဆက်အသွယ်မရသူတချို့ရှိနေပြီး အသက်အန္တရာယ် စိုးရိမ်နေကြ)

သဉ္ဇာနွယ်
နိရဉ္စရာ၊ ဧပြီ ၂၅/၂၀၂၄

ရခိုင်ပြည်၊ ကျောက်ဖြူမြို့၊ ကညင်တောရပ်ကွက်မှ စက်လှေမောင်းသူ အမျိုးသားနှစ်ဦးကို ဧပြီလ ၂၂ ရက်နေ့ ညအချိန်တွင်  စစ်ကောင်စီက နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးသွားပြီးနောက် အဆက်အသွယ်မရဖြစ်နေကြောင်း မိသားစုဝင်များက ပြောသည်။

ဖမ်းဆီးခံရသူမှာ ကညင်တောရပ်ကွက်မှ ဦးမောင်ပိန်(၆၅)နှစ်နှင့် အရပ်အခေါ် ကိုညီစေ့ကေ(၃၅)နှစ် ဆိုသူတို့ဖြစ်သည်။
၎င်းတို့ကို ကျောက်ဖြူမြို့ရှိ ခလရ(၃၄)တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားခြောက်ဦးခန့်ကညအချိန်တွင် အိမ်စီးကားတစ်စီးဖြင့် ရောက်ရှိလာပြီး   နေအိမ်အတွင်းမှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟုကညင်တန်းရပ်ကွက်အတွင်းနေထိုင်သူတစ်ဦးက နိရဉ္စရာအား ပြောသည်။

" သူတို့ ၂ ယောက်က စက်လှေမောင်းကြတာပါ။ စစ်ကောင်စီကိုလည်း စက်လှေတစ်စီးထွက်ရင် သူတို့တောင်းသလောက်ပေးရတယ်။ အခုက ဘာကိစ္စကြောင့် လာဖမ်းတာလဲမသိပေမယ့် ဗိုလ်ကြီးအောင်ဖြိုးဦးက စက်လှေသမားဆီက ပိုက်ဆံမရလို့လဲကြားတယ်။ စစ်ကောင်စီက တခုခုကိုမကျေနပ်လို့ လာဖမ်းတာဖြစ်မှာ။ ပထမ ဦးညီ‌စေ့ကေက ညနေ ၆နာရီလောက်မှာ  အဖမ်းခံရတယ်။ နောက်အသက်ကြီးပိုင်းတစ်ဦးကိုတော့ ည ၁နာရီလောက်မှာ လာဖမ်းသွားတာ။ မိသားစုဝင်တွေစိုးရိမ်နေတယ် " ဟုပြောသည်။

၎င်းတို့ကို ဖမ်းဆီးသွားပြီးနောက်မည်သည့်နေရာကို ခေါ်ဆောင်သွားသည်ကို မသိရသေးကြောင်းသိရသည်။
၎င်းအပြင် လွန်ခဲ့သည့် မတ်လ ၃၁ ရက်နေ့ကလည်းစစ်ဘေးရှောင်ရန်ထွက်ပြေးသူ ကျောက်ဖြူမှကျောင်းသားတစ်ဦးနှင့် အမျိုးသမီးလေးဦးအပါအဝင် အရပ်သား ၅ ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားခဲ့သည်။

အလားတူ လွန်ခဲ့သည့် ဒီဇင်ဘာ ၁၇ ရက်နေ့ကလည်း ဈေးရောင်းလာသူ မွတ်ဆလင်ဒုက္ခသည် ၁၇ ဦးအပါအဝင် အရပ်သား ၁၉ ဦးကို ဖမ်းဆီးသွားပြီး မိသားစုဝင်များနှင့် အဆက်အသွယ်မရရှိသူများ ရှိနေကြောင်း သိရသည်။

ရခိုင်တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်မှ ယခုနှစ် မတ်လ ၂၁ ရက်အထိ ၄ လကျော်ကာလအတွင်စစ်ကောင်စီ၏ မတရားဖမ်းဆီး၊ ထိန်းသိမ်းခြင်းခံထားရသူ ၄၇၁ ဦးအထိ ရှိပြီး ယင်းအထဲတွင် ကျား ၄၂၄ ဦးနှင့် မ ၄၇ ဦး ပါဝင်ကြောင်း အာရက္ခတပ်တော်၊ လူသားချင်းစာနာထောက်ထားရေးဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး (HDCO) ​၏ စာရင်းအရသိရသည်။

ဖမ်းဆီးခံထားရသူများအထဲတွင် မိသားစုဝင်များနှင့် အဆက်အသွယ်မရသူတချို့ ရှိနေသဖြင့် မိသားစုဝင်များအနေဖြင့် ၎င်းတို့၏ ကျန်းမာရေးနှင့် အသက်အန္တရာယ်ကျရောက်မည်ကို စိုးရိမ်နေကြကြောင်း သိရသည်။

ဆက်စပ် သတင်းများ