စနေ၊ မေလ ၄ရက်၊ ၂၀၂၄

အာရက္ခတပ်တော် (AA) နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့သည် တော်လှန်ရေးညီအစ်ကိုများဖြစ်ပြီး အချိန်တိုအတွင်း စစ်ကောင်စီကို ရိုက်ချိုးနိုင်ခြင်းအတွက် (AA)ကို ဂုဏ်ယူကြောင်းနှင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းအောင်လုပ်ဆောင်သွားနိုင်မည်ဖြစ်ကြောင်း ပဒိုစောတာနီး ပြောကြား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 570

လူထက်နိုင်(ဒွာရာမြီ)

နိရဉ္စရာ၊ ဧပြီ ၂၅ / ၂၀၂၄

အာရက္ခတပ်တော် (AA) ၏ အချိန်တိုအတွင်း စစ်ကောင်စီကို ရိုက်ချိုးနိုင်ခြင်းအတွက်ဂုဏ်ယူပြီး လက်ချင်းချိတ်ကာ စစ်အာဏာရှင်စနစ်ကို ချုပ်ငြိမ်းအောင်လုပ်နိုင်မည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU မှ ယုံကြည်ကြောင်း KNU ၏ ဗဟိုအလုပ်အမှုဆောင် ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

"ပြောရရင်တော့ဗျာ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ညီအစ်ကိုတွေပဲ။ အထူးသဖြင့်တော်လှန်ရေး မှာပေါ့နော် ဒီလိုမျိုး ပြတ်ပြတ်သားသား စစ်ကောင်စီကို ရိုက်ချိုးနိုင်တဲ့အနေအထားဟာ အချိန်တိုတိုအတွင်းနဲ့ လုပ်နိုင်တယ်ဆိုတာ တော်တော်အံ့မခန်းပဲလေ၊ ကျွန်တော်တို့ဂုဏ်ယူရမှာပဲ။ ဘာထပ်လာမလဲဆိုတော့ စစ်ကောင်စီလုပ်ရပ်က ဒါပဲထပ်လာမှာပဲ၊အထူးသဖြင့် လူထုကိုပဲ ရန်ငြိုးထား၊ နေရာတိုင်းမှာ ဗုံးကြဲ သတ်ဖြတ်မီးရှို့ လုပ်နေတယ်။ ကျွန်တော်တို့ ကရင်ဒေသတစ်ခုထဲမှာ အခုက ဒုက္ခသည်တွေ ပြေးလွားနေတာ တစ်သန်းကျော်သွားပြီ။ဒါက မတ်လက ကောက်ခဲ့တဲ့ စာရင်းဇယားအရပေါ့နော်၊အဲ့ကြောင့်မို့ ထိုနည်းလည်းကောင်းပဲရခိုင်ပြည်သူတွေကလည်း ခံစားရမှာအမှန်ပဲ ဆိုတော့ကျွန်တော်တို့ဘဝတွေကလည်း တူနေတဲ့အပေါ်မှာလည်း ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့နောက်ဆုတ်လို့မရဘူး၊ ဆက်သွားဖို့ပဲရှိတော့တယ်။ ဒါပေမယ့်ကိုယ့်အထဲမှာတော့ ကိုယ့်ပြဿနာနဲ့ကိုယ်ရှိ နေတာပဲဆိုတာကတော့  အသိဆုံးပဲ။ ထူးထူးခြားခြားပြောစရာမရှိဘူး။ ကျွန်တော်တို့အားရတယ်၊ အားရတဲ့အပေါ်မှာကျွန်တော်တို့ လက်လျော့လို့မရဘူး။ကျွန်တော်တို့ လက်ချင်းတွဲပြီးတော့ဖြစ်နိုင်သမျှ ရှေ့တက်ဖို့ပဲလိုတော့တယ်"  ဟု ပဒိုစောတောနီးကပြောသည်။

ရခိုင်ပြည်သူလူထုကို ယုံကြည်ပြီးသားဖြစ်ကာ မည်မျှအခက်အခဲရှိနေပါစေ ယခုကဲ့သို့ စစ်အာဏာရှင်မျိုးအား မည်သည့်မျိုးဆက်ကမှ လက်ခံမည်မဟုတ်ကြောင်း သူကပြောသည်။

အာရက္ခတပ်တော် (AA)၏ တိုက်ရည်ခိုက်ရည်နှင့် စစ်ရေးဗျူဟာကို မည်သို့သုံးသပ်ပါသနည်းဆိုသော နိရဉ္စရာ၏ မေးခွန်းအား ပဒိုစောတောနီးက "တကယ်အားရစရာကောင်းပါတယ်။ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့က ဒီထက်ပိုပြီးတော့ ကောင်းနိုင်တယ်ဆိုရင်တော့ ပိုပြီးတော့ ထက်ထက်မြက်မြက်ဖြစ်လာဦးမယ်ဆိုရင်ပိုပြီးတော့ ဝမ်းသာလိမ့်မယ်၊တနေ့ကျရင်လက်တွဲပြီးတော့ အခုကတော့အခက်အခဲတွေ ပေါင်းစုံရှိနေတဲ့ အခါကျတော့နီးနီး ကပ်ကပ်လုပ်နိုင်တဲ့ အနေအထားတစ်ခုမရောက်သေးသည့်တိုင်အောင် ကျွန်တော်တို့ယုံကြည်တာကတော့ ကျွန်တော်တို့လက်ချင်းချိတ်ပြီး စစ်အာဏာရှင်စနစ်ကို ချုပ်ငြိမ်း အောင်လုပ်နိုင်မယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်" ဟုဖြေကြားခဲ့သည်။

ရခိုင်ဒေသ၌ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့ မှစပြီး အာရက္ခတပ်တော်မှ စစ်ကောင်စီတပ်များအား တစ်ကျော့ပြန်ထိုးဆင်တိုက်ခိုက်မှု၌ မောင်တောမြို့နယ်မြောက်ပိုင်းရှိ စစ်ကောင်စီနယ်ခြားစောင့် စခန်းများနှင့်စစ်ဗျူဟာစခန်းများဖြစ်သည့် ဒုံးညို၊ တောင်ပြိုလက်ဝဲ/လက်ယာ၊ အောင်သပြေ၊   ကြောင်နဘေ၊ ခမောင်းဆိပ်၊ တမန်းသား၊ ကြိမ်ချောင်း၂၄ ဗျူဟာ၊ နခခ(၇)၊ ငါးခူရ၊ ရွက်ညို့တောင် စသည့် စခန်းများအားအပြီးသတ်သိမ်းပိုက်ထားခဲ့ပြီးဖြစ်သည်။ 

ရခိုင်ပြည်တွင် မြို့နယ် ၁၇ မြို့နယ်ရှိရာတွင် အာရက္ခတပ်တော် (AA)သည် ၉ မြို့နယ်သိမ်းပိုက်ထားပြီးတခြားမြို့နယ်များကိုလက် ဆက်လက်ထိုးစစ်ဆင်လျက်ရှိသည်။

ဓာတ်ပုံ- အာရက္ခတပ်တော်


ဆက်စပ် သတင်းများ