စနေ၊ မေလ ၄ရက်၊ ၂၀၂၄

အမ်းမြို့နယ်တွင် စစ်ကောင်စီက လေကြောင်းမှတဆင့် လက်နက်ခဲယမ်း စစ်အင်အားတိုးချဲ့နေပြီး အမ်းရိုးမတစ်လျှောက် စစ်ကြောင်းထိုးမှုများ ပြုလုပ်နေသည့်အတွက် ဒေသခံကျေးရွာသားများ ထွက်ပြေးတိမ်းရှောင်နေကြရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.4k

သဉ္ဇာနွယ်

နိရဉ္စရာ၊ ဧပြီ ၂၅/ ၂၀၂၄

ရခိုင်ပြည်၊ အမ်းမြို့နယ်တွင် စစ်ကောင်စီက တပ်အင်အားတိုးချဲ့နေပြီး ကျေးရွာများအတွင်း ဝင်ရောက်ကာကင်းပုန်းချမှုများရှိနေသဖြင့် ဒေသခံကျေးရွာသားများ ထွက်ပြေးတိမ်းရှောင် နေကြရကြောင်းသတင်းရရှိသည်။

အမ်းမြို့နယ်တွင် စစ်ကောင်စီက လေကြောင်းမှတဆင့် လက်နက်ခဲယမ်းနှင့် စစ်သားအင်အားဖြည့်တင်းမှုများကို ယခုရက်ပိုင်းအတွင်းတွင် ပိုမိုပြုလုပ်လာနေပြီး စစ်ရေးတင်းမာလာမည်ကို စိုးရိမ်သဖြင့် ဒေသခံများနေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း စစ်ဘေးရှောင်နေသူအမျိုးသားတစ်ဦးက နိရဉ္စရာအားပြောသည်။

“ စစ်ကောင်စီဖက်က အခုရက်ပိုင်းအတွင်းမှာ လေယာဉ်တွေနဲ့ စစ်အင်အားတွေ၊ လက်နက်တွေဖြည့်နေတယ်။တစ်ရက်တစ်လေကျရင် အမ်းလေဆိပ်မှာ လေယာဉ် သုံးစီးအထိတောင် အတက်အဆင်းပြုလုပ်တာတွေရှိတယ်။ စစ်ရေးပိုတင်းမာနိုင်တဲ့အခြေအနေမှာရှိနေတယ်။ လက်နက်ခဲယမ်းနဲ့စစ်အင်အားတွေတိုးချဲ့တာတွေကို အမ်းမှာအများကြီးလုပ်နေတယ်လို့ပြောလို့ရတဲ့အနေအထားမှာရှိနေတယ်။ စစ်ကြောင်းတွေလည်း ထပ်ပြီး တိုးတယ်။ လေကြောင်းနဲ့လာပြီး တိုက်ရိုက် စစ်ကြောင်းထိုးနေတာလည်းရှိတယ်” ဟုပြောသည်။

အမ်းရိုးမတစ်လျှောက်တွင်လည်း စစ်ကောင်စီစစ်ကြောင်းများဆက်တိုက်ထိုးလျက်ရှိနေပြီး ဆင်ခုံတိုင်ကျေးရွာ၏ ဘုန်းတော်ကြီးကျောင်းအထိ စစ်ကောင်စီ စစ်ကြောင်းများရောက်ရှိလာသဖြင့် ကျေးရွာသားများ ထွက်ပြေးနေကြကြောင်း အမ်း‌မြို့နယ် လုံးရွာမှ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

“ အမ်းရိုးမ တစ်လျှောက်မှာလည်း စစ်ကောင်စီ စစ်ကြောင်းတွေ တောက်လျှောက် စစ်ကြောင်းထိုးဝင်ရောက်နေကြတယ်။ အခုဆိုရင်ဆင်ခုံတိုင်ဘုန်းကြီးကျောင်းအထိရောက်လာကြပြီ။ရွာသားတွေကလည်းတိမ်းရှောင်တဲ့သူက တိမ်းရှောင်နေကြပြီ” ဟုပြောသည်။

ထို့အပြင် ကြက်ရေစမ်းကျေးရွာတွင်လည်း စစ်ကောင်စီမှ အထိုင်စခန်းချရန်အတွက်ကျေးရွာသားများအား သစ်၊ဝါး ခုတ်ခိုင်းခြင်းများ စေခိုင်းထားသည်ဟု အမ်း‌ဒေသခံလူမှုရေးလှုပ်ရှားနေသူများက ပြောသည်။

အမ်းဒေသခံလူမှုရေးလှုပ်ရှားသူတစ်ဦးက “ သူတို့က ငပြယ်ရွာတို့ ကြက်ရေစမ်းရွာဖက်တွေမှာ အထိုင်စခန်းလုပ်ဖို့စီစဉ်နေတယ်။ အခုတောင် ကြက်ရေစမ်းရွာမှာ စခန်းချနေကြတယ်။ ရွာသားတွေကို သစ်တွေ၊ဝါးတွေခုတ်ခိုင်းတယ်။ရွာသားတွေကတော့ စိုးရိမ်ကြောက်လန့်မှုတွေရှိလို့အနည်းစုကတော့ နီးစပ်တဲ့ရွာတွေကိုရှောင်နေကြတယ်” ဟုပြောသည်။

ပြီးခဲ့သည့် မတ်လ အတွင်းကလည်း အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တစ်မိုင်ခွဲခန့် အကွာအဝေးတွင် တည်ရှိသည့် လုံးကျေးရွာမှ ရွာသားများကို စစ်ကောင်စီက  ရွာများတွင် စစ်စခန်းချရန်အတွက် ရွာမှနှင်ထုတ်ပြီး နောက်ထပ်ရွာသားပိုင်လယ်ကွင်းတစ်ခုတွင် ပလက်စတိတ်အဖြူရောင်အမိုး၊ အကာများဖြင့်စခန်းချနေထိုင်စေခဲ့ကြောင်း ၎င်းကျေးရွာသားများမှ သိရသည်။

၎င်းအပြင် လွန်ခဲ့သည့် ဧပြီလ ၈ ရက်နေ့ကလည်း အမ်း- ပဒါန်း ကားလမ်းတလျှောက် ငပြယ်ရွာ အပါအဝင်ကျေးရွာများတွင်စစ်ကောင်စီက စစ်ကြောင်းများတိုးချဲ့နေပြီး  ကင်းပုန်းများ ချထားသဖြင့် ဒေသခံများစိုးရိမ်နေကြကြောင်း သိရသည်။

အမ်းမြို့နေပြည်သူများက စစ်ကောင်စီက မြို့ပတ်ပတ်လည်နှင့် တောင်တန်းများတွင် စစ်ကောင်စီက မြေမြှုပ်မိုင်းများ ထောင်ထားပြီး ကင်းပုန်းဝပ်မှုပြုလုပ်နေသဖြင့် ဒေသခံများအသက်အန္တရာယ်များ ထိခိုက်မှုများရှိနေကြောင်း ဝေဖန်ထောက်ပြပြောဆိုကြသည်။

လက်ရှိတွင် အမ်းမြို့နယ် ကဇုကိုင်းတောင်ဗျူဟာ၊ တောဟိန်းတောင်နှင့် အမ်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နေ့စဉ်ရက်ဆက် ပစ်ခတ်သံများကြားနေကြရကြောင်းလည်းသိရသည်။

အမ်းမြို့နယ်မှာ စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာမြို့နယ်ဖြစ်ပြီး အာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်နေသည့်မြို့နယ်တစ်ခုဖြစ်သည်။

ဒေသခံတိုင်းရင်းသားများမှာ ချင်း၊ မြို၊ ရခိုင်တို့ အများဆုံးနေထိုင်ကြသည်။ လက်လုပ်လက်စားများဖြစ်သဖြင့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူအများအပြားရှိနေပြီး အစာရေစာပြတ်လပ်ကာအာဟာရချို့တဲ့မှုကြောင့် သေဆုံးသူများအထိ ရှိနေကြောင်း သတင်းရရှိသည်။

ဓာတ်ပုံ - ပုံဟောင်း

ဆက်စပ် သတင်းများ