စနေ၊ မေလ ၄ရက်၊ ၂၀၂၄

သံတွဲတွင် အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်သားများအကျအဆုံးများကာ သံတွဲဆေးရုံသံဃာဆောင်တွင် တိုးတိုးတိတ်တိတ်ဆေးကုသနေရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.7k

လူထက်နိုင်(ဒွာရာမြီ)

နိရဉ္စရာ၊ ဧပြီ ၂၅ / ၂၀၂၄

ရခိုင်ပြည်နယ်တောင်ပိုင်း၊ သံတွဲမြို့နယ်ရှိ ပုရစ်၊ ရေကောက်နှင့် ဒေါ်မြ ကျေးရွာ တဝိုက် တွင် အာရက္ခတပ်တော် (အေအေ)နှင့် အာဏာသိမ်းစစ်တပ်အကြားသုံးရက်ဆက်တိုက် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သားများ အကျအဆုံးများကာ သံတွဲဆေးရုံ သံဃာဆောင်တွင် တိုးတိုးတိတ်တိတ်ဆေးကုသနေရကြောင်း ‌ဒေသခံများထံမှသိရသည်။

“ ဒီနေ့မနက်တော့ စစ်ကောင်စီတပ်တွေ ရွှေလှေဖက်ကို တပ်ဆုတ်လာပြီ။ပုရစ်ရွာအနောက်ဖက်တောင်တန်းတွေမှာဖြစ်နေတာ၊ အေအေကဝိုင်းထားတော့ စစ်လေယာဉ် ခေါ်ပြီးစစ်ကူတောင်းတာ၊အေအေကပစ်လို့လေယာဉ်ပါ နောက်ဆုတ်သွားတယ်။ ဗိုလ်ကြီးတစ်ယောက် သေတာ အလောင်းကိုရေကောက်ရွာဘုန်းကြီးကျောင်းမှာ သဂြိုလ်ထားတယ်။ တစ်ခြားအလောင်းတွေ ကောက်ဖို့သွားတာ အေအေကပစ်လို့ မရခဲ့ဘူး” ဟု ရွှေလှေဒေသခံတစ်ဦးက နိရဉ္စရာ ကိုပြောသည်။

အာရက္ခတပ်တော်နှင့် စစ်ကောင်စီတို့ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဗိုလ်ကြီးတစ်ဦး သေဆုံးပြီး အလောင်းကို ရေကောက်ရွာ ဘုန်းကြီးကျောင်းတွင်း မြှုပ်နှံထားသည့်ဟု ဒေသခံများ ပြောဆိုကြသော်လည်း နိရဉ္စရာအနေဖြင့် သီးခြားအတည်ပြုခြင်း မရှိသိပေ။

သံတွဲမြို့နယ်ရှိ ပုရစ်၊ ရေကောက်နှင့် ဒေါ်မြ ကျေးရွာတဝိုက် တွင် ဧပြီ ၂၂ ရက်၊၂၃ရက်၊ ၂၄ ရက်တို့တွင်အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲပြင်းထန်ခဲ့ပြီး အဆိုပါရွာများနှင့် (၁၀)မိုင်သာဝေးသည့် သူဌေးချောင်းရေအားလျှပ်စီမံကိန်းတွင် စစ်ကောင်စီတပ်‌ ဗျူဟာထိုင်ထား ကြောင်းသိရသည်။

အဆိုပါ စီမံကိန်းရှိ စစ်ကောင်စီဗျူဟာအား အာရက္ခတပ်တော် (AA)က ဒေါ်မြကျေးရွာဖက်မှ ထိုးစစ်ဆင်လျက်ရှိရာ တောလမ်းတစ်လျှောက်တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီတပ်သား အယောက်လေးဆယ်ခန့် ကျဆုံးသွားပြီး ဒဏ်ရာရှိသူများအား ဧပြီလ ၂၄ရက် နံနက် အစောကြီးတွင်သံတွဲဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းဒေသခံများထံမှသိရသည်။

“အေအေရဲ့စစ်ရေးဗျူဟာက တော်တော်ကောင်းတာ ဒေါ်မြဖက်ကို စစ်ကောင်စီက မဲပြီးပစ်နေတာ ပရစ်ရွာဖက်က တက်လာပြီး အနီးကပ်ပစ်တာ စစ်ကောင်စီတော်တော်နာသွားတယ်။ အခုသံတွဲဆေးရုံ သံဃာဆောင်မှာ ဆေးကုနေကြတာ စစ်သားတွေ ဘယ်သူမှအနားမလာရဘူး၊ခွဲစိပ် ဆရာဝန်မနိုင်လို့ တချို့ရန်ကုန်ကိုပို့နေရတယ်” ဟုသံတွဲဒေသခံတစ်ဦးကပြောသည်။

အာရက္ခတပ်တော် (AA)က လက်ရှိတွင် ဒေါ်မြကျေးရွာ ၊ပုရစ်ကျေးရွာများရှိဒေသခံများအား စစ်ဘေးရှောင်ရန် ပန်ကြားထားပြီး သူဌေးချောင်းရေအား လျှပ်စီမံကိန်းအနီးရှိ ကျောင်းကုန်း ကျေးရွာသား များသည်ဧပြီလ ၂၅ တွင်တိမ်းရှောင်သွားကြောင်းသိရသည်။

ရခိုင်ပြည်နယ်၊ သံတွဲ-တောင်ကုတ်အဝေးပြေးလမ်းအပိုင်းရှိ ပုရစ်၊ ရေကောက်နှင့် ဒေါ်မြ ကျေးရွာတဝိုက်တွင် အာရက္ခတပ်တော် (အေအေ)နှင့် အာဏာသိမ်းစစ်တပ်အကြား တိုက်ပွဲများဖြစ်ပွားနေခဲ့ပြီး စစ်ကောင်စီလေတပ်နှင့် ရေတပ်က လက်နက်ကြီးများဖြင့် ကူပစ်ကာ ညမိုးချုပ်သည်အထိလည်း လေကြောင်းမှ ပစ်ခတ်ခဲ့ကြောင်းသိရသည်။

ဓာတ်ပုံ - စစ်ဖြစ်နေသောပရစ်ကျေးရွာအားတွေ့ရစဉ်


ဆက်စပ် သတင်းများ