ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

ပေါက်တောမြို့နယ်တွင် လက်နက်ကြီးကျည်ကျ၍ လူငယ်နှစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 498

ကြိုင်ဟိန်းလင်း နိရဉ္စရာ၊ ဧပြီ ၂၇ / ၂၀၂၄

တိုက်ပွဲဖြစ်ပွားခြင်း တစ်စုံတစ်ရာမရှိဘဲ ရခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ တောင်ဦးမော်ကျေးရာသို့ စစ်တွေမြို့ အခြေစိုက် စစ်ကောင်စီတပ် စခန်းတစ်ခုမှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ရခိုင်နှစ်ဦးနှင့် မွတ်ဆလင်တစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရှိရသည်။

 

၎င်းလက်နက်ကြီးကျည်များသည် ယ‌မန်နေ့ (ဧပြီ ၂၆ ရက်) ညနေ ၅ နာရီကျော်အချိန်ခန့်က ကျရောက်ပေါက်ကွဲခဲ့ပြီး တောင်ဦးမော်ကျေးရွာမှ ကိုစိုးလွင် (၁၅)နှစ်၊ မငယ်မချေ (၁၆) နှစ်နှင့် အနောက်ရဲဒုက္ခသည်စခန်းမှ အသက် (၄၀) အရွယ် မွတ်ဆလင်တစ်ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိသွားသည်ဟု တောင်ဦးမော်ကျေးရွာသားတစ်ဦးက ပြောသည်။

 

 "မနေ့ ညနေက လက်နက်ကြီးကျည် သုံးလုံးပစ်ပါတယ်။ တစ်လုံးကတော့ ရွာထဲမှာ ကျ‌ပြီးတော့ ပေါက်ကွဲသွားတယ်။ နောက်နှစ်လုံးက ရွာပြင်မှာ ကျတယ်။ ရွာထဲမှာ ကျတဲ့ လက်နက်ကြီးကျည် ပေါက်ကွဲသွားတဲ့အတွက် ကျေးရွာသားနှစ်ဦး ဒဏ်ရာရတယ်။ နောက်ပြီးတော့ ရွာကိုရောက်နေတဲ့ မွတ်ဆလင်တစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိသွားတယ်။ နေအိမ် သုံးလုံးလည်း ပျက်စီးသွားတယ်။ " ဟု ပြောသည်။

 

ယမန်နေ့ နံနက်ပိုင်းကလည်း စစ်တွေမြို့ရှိ စစ်ကောင်စီတပ်စခန်းမှ အဆိုပါ ကျေးရွာအနီးသို့ လက်နက်ကြီးကျည် ၇ လုံး ပစ်ခတ်ခဲ့သည်ဟု သူကဆိုသည်။

 

"တိုက်ပွဲမဖြစ်ဘဲနဲ့ ကျနော်တို့ဒေသကို လှမ်းပစ်တယ်။ ဒီလိုမျိုး အေးအေးချမ်းချမ်းနေတဲ့ ကျေးရွာတစ်ခုကို စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ပစ်ပြီး ကျူးလွန်ချက်ကတော့ အရမ်းရင်နာရတယ်" ဟုပြောသည်။

 

ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက် ညနေ ၅ နာရီ အချိန်ခန့်ကလည်း ကျောက်တော်မြို့သို့ စစ်ကောင်စီမှ ဂျက်ဖိုက်တာတစ်စီးဖြင့် လာရောက်ဗုံးကြဲမှုကြောင့် လူနေအိမ်တစ်ဆောင် ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။ (ဓာတ်ပုံ- ပုံဟောင်း)

ဆက်စပ် သတင်းများ