ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

ရွာမှ နှင်ထုတ်ခံထားရသည့် မာန်အောင်သစ်ပုံရွာသားများ ပြောင်းရွှေ့ခိုင်းသည့်နေရာတွင် မနေဘဲ ရမ်းဗြဲမြို့သို့ ထွက်ပြေးတိမ်းရှောင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 2.9k

သဉ္ဇာနွယ်

နိရဉ္စရာ၊ ဧပြီ ၂၇/၂၀၂၄

ရခိုင်ပြည်၊ မာန်အောင်မြို့နယ်၊ သစ်ပုံကျေးရွာအုပ်စုမှ အာရက္ခတပ်တော်(AA)ကိုထောက်ပံ့သည်ဟုစွပ်စွဲချက်ဖြင့် နှင်ထုတ်ခံထားရသည့် ကျေးရွာသားများမှာ စစ်ကောင်စီက ပြောင်းရွှေ့ခိုင်းသည့်နေရာတွင် မနေဘဲ ရမ်းဗြဲမြို့သို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်းသတင်းရရှိသည်။

အဆိုပါမာန်အောင်မြို့နယ်၊သစ်ပုံကျေးရွာအုပ်စုမှ အိမ်ခြေ (၄၀၀)ကျော်ရှိသည့်  ငှက်ပျောတောရပ်ကွက်နှင့်အနောက်ပါးရပ်ကွက်မှ အိမ်ခြေ (၂၀၀)ခန့်သည် စစ်ကောင်စီပြောင်းရွေ့ခိုင်းသည့် နေရာတွင် မနေဘဲ ပြီးခဲ့သည့် ရက်ပိုင်းမှစ၍ ရမ်းဗြဲမြို့သို့ တိမ်းရှောင်သွားကြပြီဟု မာန်အောင်ဒေသခံတစ်ဦးက နိရဉ္စရာ သတင်းဌာနကို‌ ပြောသည်။

" စစ်ကောင်စီက ရွာသားတွေကို နှင်ထုတ်ပြီး  သစ်ပုံရွာနဲ့ (၇)မိုင်ဝေးတဲ့ လယ်ကွင်းပြင်မှာ အမိုးအကာမလုံနဲ့တဲထိုး နေခိုင်းတော့ ရွာသားတွေက  မနေတော့ဘူး။ သူတို့အတွက်လုံခြုံမှုပေးတဲ့နေရာကို တိမ်းရှောင်သွားကြတယ်။ ဆွေမျိုးအိမ်မှာနေတဲ့သူတွေနေ၊ဘုန်းကြီးကျောင်းမှာ နေတဲ့သူ‌တွေနေပေါ့။ စစ်ကောင်စီရဲ့ ဖိနှိပ်မှုအောက်မှာ နေတာထက်စာရင် အခုလိုထွက်ပြေးလာတာ ပိုကောင်းပါတယ်" ဟုပြောသည်။

၎င်းကျေးရွာမှ ထွက်မပြေးဝံ့ဘဲ ကျန်ရှိခဲ့သေးသည့် ငှက်ပျောတောရပ်ကွက်မှ အိမ်ထောင်စု (၁၆၀)နှင့်အနောက်ပါးရပ်ကွက်မှအိမ်ထောင်စု(၅၀)ကျော်ခန့်ကို  စစ်ကောင်စီမှ နိုင်ငံသားစီစစ်ရေးကဒ်ပြားအမှတ်နှင့်သန်းခေါင်းစာရင်းကောက်ယူမှုပြုခဲ့ပြီး သစ်ပုံကျေးရွာ၏ အခြေခံပညာစာသင်ကျောင်းတွင် လက်မှတ်ထိုးခဲ့ရကာ ရွာမှာကျန်ရှိနေသူများကိုသာ  ရွာသားအဖြစ်သတ်မှတ်သည်ဟုသစ်ပုံအုပ်စုမှ  ကျေးရွာသားတစ်ဦးကနိရဉ္စရာ သတင်းဌာန ကိုပြောသည်။

" ငှက်ပျောတောမှာက အိမ်ခြေတစ်ဝက်နီးပါးကျန်ခဲ့တယ်။ အနောက်ပါးမှာက  သုံးပုံတစ်ပုံကျန်တယ်။ သူတို့ကို စစ်ကောင်စီက သန်းခေါင်းစာရင်းကောက်ပြီး လက်မှတ်ထိုးခိုင်းတယ်။ ထွက်ပြေးသွားတဲ့သူတွေကိုရွာသားအဖြစ် မသတ်မှတ်ဘူးလို့ပြောပါတယ် " ဟုပြောသည်။

လွန်ခဲ့သည့် ဧပြီလ ၂၂ ရက်နေ့က သစ်ပုံရွာသို့ စစ်ကောင်စီအရာရှိတချို့ရောက်ရှိလာပြီး ရွာတွင် ကျန်ရှိနေသူများကို ထွက်သွားရန်မလိုတော့ကြောင်း ပြောဆိုခဲ့သော်လည်း ကျေးရွာသားများမှာ လုံခြုံမှုကိုစိုးရိမ်သဖြင့် ထပ်မံထွက်ပြေးနေကြကြောင်း သစ်ပုံကျေးရွာမှ ထွက်ပြေးလာသူများက ဆက်ပြောသည်။

သစ်ပုံကျေးရွာမှ ထွက်ပြေးလာသူအမျိုးသမီးတစ်ဦးက "သူတို့ကျမတို့ရွာသားတွေကို နှင်ထုတ်ကတည်းကရွာသားတွေတဖြည်းဖြည်း တိမ်းရှောင်ကုန်ကြတာကို သူတို့သတိထားမိသွားတယ်။ ဒါကြောင့် ဒီလိုသာတစ်ရပ်ကွက်လုံးကိုပြောင်းရွေ့ခိုင်းရင် ရွာမှာ လူတစ်ယောက်မှ ကျန်မှာမဟုတ်ဘူး ထွက်ပြေးကုန်မှာသိနေလို့ သူတို့က ရွာကိုပြန်ခေါ်တယ်လေ။ ကျမတို့ကတော့မသွားဘူး။ သူတို့လက်အောက်မှာ‌ နေရတာထက်ကိုယ့်ကိုယ်လုံခြုံမှုပေးတဲ့ တပ်တော်ရှိတဲ့နေရာတွေမှာ နေရတာ လုံခြုံပါတယ် " ဟုပြောသည်။

အဆိုပါငှက်ပျောတောရပ်ကွက်နှင့် အနောက်ပါးရပ်ကွက်ကို  ဧပြီလ ၁၈ ရက်နေ့ က  ကမောင်တောင်စခန်းမှအရာရှိတစ်ဦးနှင့် စစ်အင်အား(၅၀) ခန့်ပါဝင်သည့် စစ်ကြောင်းတစ်ခုရောက်ရှိလာကြပြီး တစ်ပတ်အတွင်းရွာမှ ထွက်သွားကြရန် ဖိအားပေးနှင်ထုတ်ခဲ့သည်။

ယင်းနောက်ရွာမှ ထွက်ခွာသွားသူများကို  သစ်ပုံကျေးရွာနှင့် (၇) မိုင်ကွာဝေးသည့် ဖက်ယားကျေးရွာနှင့်ပန်းခြံကျေးရွာ သို့ ပြောင်းရွေ့စေပြီး တာလပတ်အမိုးအကာများဖြင့် နေထိုင်ခိုင်းရာ သေခံများမှာ ဒုက္ခဆင်းရဲရောက်ခဲ့ကြသဖြင့် မြို့ကိုစွန့်ခွာထွက်ပြေးခဲ့ကြခြင်းဖြစ်ကြောင်း ဒေသခံလူမှုရေးလှုပ်ရှားသူများ၏ပြောပြချက်အရသိရသည်။

သစ်ပုံကျေးရွာအုပ်စုတစ်ခုလုံးတွင် အိမ်ခြေ( ၆၃၉) အိမ်ရှိပြီး လူဦးရေ  ၂ ထောင်ကျော်နေထိုင်ကြကြောင်းသိရသည်။ 

ဆက်စပ် သတင်းများ