ဗုဒ္ဓဟူး၊ မေလ ၁၅ရက်၊ ၂၀၂၄

အမ်းမြို့နယ်တိုက်ပွဲအတွင်း လက်နက်ကြီးကျည်ထိမှန်၍ အမျိုးသမီးတစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိကာ နေအိမ်အများအပြားမီးလောင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.1k

သဉ္ဇာနွယ်/ နိရဉ္စရာ၊ ဧပြီ ၂၉/၂၀၂၄

ရခိုင်ပြည်၊ အမ်းမြို့နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း  လက်နက်ကြီးကျည် ထိမှန်၍ အမျိုးသမီးတစ်ဦးသေ‌ဆုံးပြီး  အမျိုးသမီးနှစ်ဦးအပါအဝင် ၃ ဦး ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ အမ်းမြို့နယ်၊ စွေ့ချောင်းကျေးရွာမှ  ချင်းအမျိုးသမီး ဒေါ်ဆန်းလှ (၅၃)နှစ်၊  ဒဏ်ရာ ရရှိသူမှာ အသက် (၂၀)ကျော်ဝန်းကျင်ရှိ သူမ၏တူမဖြစ်သူနှင့် မဲ‌လက်မောင်းကျေးရွာမှ မောင်မြင့်ဇော် (၁၉)နှစ်နှင့် ဒေါ်မညွန့်ဦး ( ၅၇) နှစ် တို့ဖြစ်ကြသည်။

မဲလက်မောင်းကျေးရွာသို့ ယမန်နေ့ ဧပြီ ၂၈ ရက်နေ့ နေ့လယ် ၁ နာရီခန့်က အမ်းအခြေစိုက်တပ်ရင်း တစ်ခုဖြစ်သည့် ခမရ(၃၇၃)မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ နေအိမ် တစ်ဆောင်ပြိုပျက်ပြီး  ရွာသားနှစ်ဦးဖြစ်ကြသည့် မောင်မြင့်ဇော်နှင့် ဒေါ်မညွန့်ဦး ဒဏ်ရာရရှိသွားသည်ဟု အမ်းဒေသခံတစ်ဦးက နိရဉ္စရာ သတင်းဌာန ကိုပြောသည်။

" မဲလက်မောင်းဖက်မှာလည်း စစ်ကောင်စီစစ်‌ကြောင်း ရောက်လို့ရှိနေတယ်လို့ကြားတယ်။ တိုက်ပွဲဖြစ် မဖြစ်မသိရပေမယ့် အမ်းအခြေစိုင်တပ်ရင်းတွေက လက်နက်ကြီးတွေက တောက်လျှောက် ပစ်နေတာ ရှိတယ်။ ဒီနေ့လည်း မဲလက်မောင်းရွာမှာ လက်နက်ကျည်ကျလို့မောင်မြင့်ဇော်ရဲ့ ညာဖက်ပါးနဲ့ ညာဖက် ပခုံး၊ ဒေါ်မညွန့်ဦးမှာဘယ်ဖက်ပတ်ခုံးနဲ့ လည်ပင်းဂုတ်မှာကျည်စထိသွားခဲ့တယ်။ လယ်ကွင်းမှာလည်း လက်နက်ကြီးကျလို့ နွားတွေလည်း ဒဏ်ရာရတယ်" ဟုပြောသည်။

ချင်းအမျိုးသားများ နေထိုင်သည့် စွေ့ချောင်းကျေးရွာတွင်လည်း   ဧပြီလ ၂၆ ရက် ညနေပိုင်းက စစ်ကောင်စီဖက်မှ ပစ်ခတ်လိုက်သည့်  လက်နက်ကြီးကျည်များ   ကျေးရွာတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့ပြီး ဒေသခံအမျိုးတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကာ ကျေးရွာအတွင်းရှိ နေအိမ် အများအပြား မီးလောင်ပျက်စီးခဲ့ရသည်ဟု အမ်းအလယ်ချောင်းကျေးရွာမှ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက နိရဉ္စရာသတင်းဌာန ကိုပြောသည်။

" ရွာနဲ့အဆက်သွယ်ရသလောက်က အိမ်ခြေ ၈၀လောက် မီးလောင်သွားတယ်လို့ သိရတယ်။ ဒါပေမယ့်အတိအကျတော့ မသိရဘူး။ ၄ အိမ်၊၅အိမ်လောက်ပဲ ကျန်တယ်ပြောတယ်။ အိမ်ခြေက အကုန် ၂၀၀လောက်ရှိတယ်။ ရွာမှာလည်း အမျိုးသမီးကြီးတစ်ယောက်သေတယ်။ နောက်တစ်ယောက် ဒဏ်ရာရသွားတယ်။ ရွာမှာက လူတွေသိပ်မရှိတော့ဘူး " ဟုပြောသည်။

ကဇုကိုင်းအနီးအနားဝန်းကျင်ရှိ ချင်းရွာများဖြစ်ကြသည့် စွေ့ချောင်းအပါအဝင် ကျေးရွာ အနီးနားများတွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတို့ ယနေ့ဧပြီ ၂၈ရက်နေ့အထိ တိုက်ပွဲပြင်းထန် ဖြစ်ပွားနေသည့် အတွက်  ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြရသည်။

 

ထိုသို့ အဝတ်တစ်ထည် ကိုယ်တစ်ခုနှင့် ထွက်ပြေးနေရသည့် အတွက် စားဝတ်နေရေး အခက်အခဲ ဖြစ်နေကြသည့်အတွက် အကူအညီများ လိုအပ်နေသည်ဟု ချင်းအမျိုးသမီးတစ်ဦးက နိရဉ္စရာကို ပြောသည်။

" ကဇုကိုင်းက စွေ့ချောင်းနဲ့နီးနီးလေး ကဇုကိုင်းတိုက်ပွဲက အနီးအနားက ရွာတွေအထိ ကျယ်ပြန့်လာတယ်။ စစ်ကောင်စီဖက်က စစ်သားတွေ ထွက်ပြေးနေတာတွေရှိတော့ အဲ့ဒီ စစ်သားတွေကို အေအေဖက်က လိုက်လံရှင်းလင်းနေတာကြောင့် တိုက်ပွဲတွေက ပြင်းထန်တယ်။ စစ်ကောင်စီတပ်ရင်းတွေလည်း ရွာတွေဖက်ကို လက်နက်ကြီးကျည်တွေနဲ့ပစ်လို့ ရွာသားတွေ ထွက်ပြေးနေရတာ ကြာပါပြီ။ စစ်ရှောင်နေရတော့ စားဝတ်နေရေးတွေလည်း အခက်ခဲဖြစ်နေပါတယ်" ဟုပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်နေ့ကလည်း အမ်းမြို့နယ်၊ ကြက်ရေစမ်းကျေးရွာတွင်  စစ်ကောင်စီမှ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျပေါက်ကွဲခဲ့သဖြင့်  ချင်းအမျိုးသား တစ်ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် တိုက်ပွဲများကြောင့် စွေ့ချောင်း၊ ဆင်ဦးတိုက်၊ သဲကမ်းထောင့်၊ ဂျိတ်ချောင်းနှင့် ကျောက်ဆင် စသည့် ရွာများမှ ဒေသခံများမှာ  ဘေးလွတ်ရာ နေရာသို့ ထွက်ပြေး တိမ်းရှောင် နေရကြောင်း ဒေသခံများက ပြောသည်။

ရက္ခိုင့်တပ်တော်သည် အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အား ဝိုင်းရံပိတ်ဆို့ထားပြီး နေ့ညမပြတ် လက်နက်ကြီးများ၊ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်နေသည်ဟု သိရသည်။ 

ပုံ-ပေးပို့ ( မဲလက်မောင်းရွာမှ နေအိမ်တစ်ဆောင် မီးလောင်နေစဉ်)

ဆက်စပ် သတင်းများ