ကြာသပတေး၊ အောက်တိုဘာလ ၃၁ရက်၊ ၂၀၂၄

သံတွဲမြို့သို့ တင်သွင်းလာသော ဆေးဝါးများကို စစ်ကောင်စီဖမ်းဆီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 2.4k

သဥ္ဇာနွယ်/ နိရဥ္စရာ၊ ဧပြီ ၂၉/ ၂၀၂၄

 

ရခိုင်ပြည်၊ သံတွဲမြို့သို့  ဆေးဝါးသယ်ယူခွင့်ကို စစ်ကောင်စီတပ်မှ ပိတ်ပင်တားဆီးလိုက်ပြီး သယ်ယူလာသော ဆေးဝါးများအားလည်း ဖမ်းဆီးနေကြောင်း သတင်းရရှိသည်။

 

သံတွဲမြို့မှ ဆေးဆိုင်ပိုင်ရှင်တစ်ဦးက  “ အခုဆိုရင်  ဆေးတွေကိုပါ စစ်ကောင်စီက သယ်ယူခွင့် ပိတ်လိုက်ပြီ။ ဒီလအတွင်းမှာ လာသမျှဆေးတွေ အကုန်လုံးကို ဖမ်းတယ်။ ပြည်မဖက်က မှာထားတဲ့ ဆေးတွေအကုန်လုံး  လေဆိပ်မှာ အဖမ်းခံရတယ်။ စစ်ကောင်စီတပ်ရင်းတွေကဖမ်းတာ။ ဘာကြောင့် ဖမ်းလဲဆိုတာတော့ ကျနော်တို့မသိရဘူး။ ကျနော်တို့အတွက်တော့ ဆုံးရှုံးမှုကြီးတစ်ခုပါပဲ” ဟု နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

 

သံတွဲမြို့သို့ ဆေးဝါးတင်သွင်းခွင့်ကို ယခုရက်ပိုင်းအတွင်းတွင် စစ်ကောင်စီမှ သယ်ယူခွင့် မပြုတော့ကြောင်း၊  လေယာဥ်ဖြင့် တင်ဆောင်လာသည့် ဆေးဝါးများကိုလည်း ဖမ်းဆီးနေကြောင်း၊ သံတွဲလေဆိပ်အနီးရှိ ခမရ ( ၅၆၆) တပ်ရင်းနှင့် ငပလီလမ်းဆုံအနီးရှိ ခလရ (၅၅)တပ်ရင်းများမှ အဓိက ဖမ်းဆီးနေကြောင်း ၎င်းဒေသခံက ပြောကြားသည်။

 

ယခုကဲ့သို့ ဆေးဝါးများကို စစ်ကောင်စီက တားမြစ်လာသည့်အတွက် ကျန်းမာရေး မကောင်းသူများ အတွက် စိုးရိမ်မိသည်ဟု သံတွဲမြို့ခံအမျိုးသမီးတစ်ဦးက နိရဉ္စရာသတင်းဌာန ကိုပြောသည်။

 

“ အန်တီမှာဆိုမြေးလေးတွေ နေမကောင်းတာတွေ ခဏခဏဖြစ်တယ်။ ဆေးကိုလည်း စွဲတိုက် နေရတာရှိတယ်။ ဆေးတွေသာပြတ်သွားရင် ဒုက္ခရောက်ပြီ။ ရောဂါခံစားနေရသူတွေ၊ ကလေးငယ်တွေရဲ့ အသက်အန္တရာယ် အထိကြုံတွေ့ လာရနိုင်တယ်။  အခုလက်ရှိတော့ လက်ကျန်လေးတွေကိုဘဲ ဆေးဆိုင်တွေက ရောင်းနေတာ တွေ့တယ်” ဟုပြောသည်။

စစ်ကောင်စီသည် သံတွဲမြို့ကို သယ်ယူပို့ဆောင်ရေး ကုန်းလမ်းများကို ပိတ်ဆို့ထားသဖြင့် လက်ရှိတွင် သံတွဲမြို့တွင် စားနပ်ရိက္ခာရှားပါနေပြီး ဂွမြို့မှ သံတွဲမြို့သို့ ပို့ဆောင်သည့် စားနပ်ရိက္ခာကားများကိုပါ ဖမ်းဆီးမှုများ ရှိနေကြောင်း သိရသည်။

 

စားနပ်ရိက္ခာ အနည်းအကျဉ်း တင်ယူလာသည့် ဆိုင်ကယ်များကိုလည်း စစ်ကောင်စီ၏ဂိတ်များက ဖမ်းဆီးမှုများ ရှိနေသဖြင့် မကြာမီ အချိန်တိုအတွင်းတွင် သံတွဲမြို့နယ်တစ်ခုလုံး အငတ်ဘေး ဆိုက်ရောက်နိုင်သည်ဟု သံတွဲမြို့ခံနောက်ထပ် အမျိုးသမီးတစ်ဦးက ပြောသည်။

 

“ ကုန်လမ်းတွေ ပိတ်ထားတာက ရခိုင်မှာ တိုက်ပွဲစဖြစ်ကတည်းကဆိုရင် ၄ လလောက်ရှိပြီ။ ဒေသအတွင်း မှာဆိုရင် စားဝတ်နေရေး အဆင်ပြေရင်  ပြေတဲ့နည်းနဲ့ ကုန်ပစ္စည်းတွေ သွင်းကြတယ်။ သံတွဲမှာ တိုက်ပွဲ မဖြစ်ခင်က ဖမ်းဆီးတာတွေ သိပ်မရှိဘူး။ အခု ရက်ပိုင်းအတွင်းမှာဆိုရင် ဂွမြို့ဖက်က လာတဲ့ စားသောက်ကုန်တွေ အကုန်လုံးကို စစ်တပ်က ဖမ်းတယ်။ အေအေဆီရောက်သွားမှာ စိုးလို့လား၊ ပြည်သူတွေကို ဒုက္ခရောက်အောင် လုပ်တာလားမသိဘူး။ ဒီလိုဆိုရင် မကြာဘူး အငတ်ဘေး ရောက်ကြတော့မှာ အခုတောင် ကုန်စျေးနူန်းတွေ တက်နေပြီ။ ဆန်ကွဲတောင် စားနေရတဲ့ သူတွေ ရှိနေပြီ” ဟုပြောသည်။

 

သံတွဲမြို့အထိ တိုက်ပွဲဖြစ်ပွားလာမည်စိုးရိမ်၍ ယခုလအတွင်းတွင် ငွေကြေးတတ်နိုင်သူတချို့  မြို့ကိုစွန့်ခွာမှုများ ရှိနေသည်ဟု မြို့ခံများက ပြောသည်။

 

စစ်ကောင်စီသည် ကုန်းလမ်းမှ ကုန်ပစ္စည်းသယ်ယူခွင့် အပြင် ‌ရေလုပ်ငန်း လုပ်ကိုင် စားသောက်သူများကို လည်း ပင်လယ်ပြင်သို့ ငါးဖမ်းမထွက်ကြရန် ပိတ်ပင်ထားသည့်အတွက် ရေလုပ်ငန်းဖြင့် အသက်မွေး ဝမ်းကျောင်း ပြုလုပ်နေကြသည့် ‌ဒေသခံအများစုမှာ စားဝတ်နေ‌ရေး ကျပ်တည်းနေပြီး တချို့ နေရာများတွင် တောင်းရမ်း စားသောက်သူများပင် ရှိလာနေသည်ဟု သံတွဲဒေသခံများကပြောသည်။

 

အာရက္ခတပ်တော်သည် သံတွဲတမြို့လုံးကို ဝိုင်းရံပိတ်ဆို့ထားသည့် သတင်းများ ထွက်ပေါ် နေသောကြောင့် စစ်ကောင်စီတပ်သားများမှာ စိုးရိမ်မှုများဖြစ်နေပြီး အာရက္ခတပ်တော်ထံ ဆေးဝါးများ၊ စားနပ်ရိက္ခာများ ရောက်ရှိသွားမည်ကို စိုးရိမ်သဖြင့် သယ်ယူပို့ဆောင်ခွင့် ပိတ်ပင် လိုက်သဖြင့် ကုန်စည်ပြတ်တောက်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

ရခိုင်တွင် ၂၀၂၃ ခုနှစ်  နိုဝင်ဘာ ၁၃ ရက်မှ စတင်ပြီး ပြန်လည်ဖြစ်ပွားခဲ့သည့် အချိန်မှစ၍ စစ်ကောင်စီသည် ရခိုင်တပြည်လုံးကို လမ်းပိတ်ထားသည့်အတွက် ဒေသအတွင်းတွင် ကုန်စျေးနူန်း မြင့်တက်ခြင်းနှင့် စားဝတ်နေရေးကျပ်တည်းခြင်းစသည့် ဒုက္ခမျိုးစုံကို ခံစားနေကြရသည်ဟု ဒေသခံများက ပြောသည်။

 

ဆက်စပ် သတင်းများ