ကြာသပတေး၊ မေလ ၁၆ရက်၊ ၂၀၂၄

သံတွဲ၌ တိုက်ပွဲပြင်းထန်နေပြီး သဗြုချိုင်(မေရိုးဘေး)ဆိပ်ကမ်းသို့ စစ်သင်္ဘာနှင့် အမြောက်တပ်များ ရောက်ရှိနေပြီး ရေအားလျှပ်စစ် စီမံကိန်းဘက်သို့ ပစ်ကူပေးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.1k

လူထက်နိုင်(ဒွာရာမြီ)

နိရဉ္စရာ၊ ဧပြီ ၂၉ / ၂၀၂၄

သံတွဲတွင် တိုက်ပွဲပြင်းထန်နေပြီး သဗြုချိုင်(မေရိုးဘေး)ဆိပ်ကမ်း၌ စစ်သင်္ဘောနှင့် အမြောက်တပ်များရောက်ရှိနေကာ ရေအားလျှပ်စစ်စီမံကိန်းအနီး တိုက်ပွဲသို့ ပစ်ကူပေးနေကြောင်း သံတွဲဒေသခံ များမှ  နိရဉ္စရာ သတင်းဌာနသို့ပြောသည်။

သံတွဲမြို့ရှိ သူဌေးရေအားလျှပ်စစ်စီမံကိန်းအနီး ရေကောက် ၊ပုရစ်၊ဒေါ်မြ၊ကျောင်းကုန်း ကျေးရွာများသို့စစ်ကောင်စီမှ ဧပြီ ၂၈ ရက်နေ့ညပိုင်းမှ စတင်ကာ လက်နက်ကြီးများ ပစ်ခတ်လျက်ရှိပြီး ပစ်ခတ်မှုကို မြုံပြင်ကျေးရွာအနီး ဘားဒေါင့်တောင်လက်နက်ကြီးတပ်နှင့် ခမောင်းတုန်းကျေးရွာအနီးပင်လယ်ပြင်ရှိ နေဗီတို့မှ ပြုလုပ်နေခြင်း ဖြစ်ကြောင်းသိရသည်။

“ ဟိုင်းကြီးကျွန်းဘက်က စစ်သင်္ဘောနှစ်စီး သပြုချိုင်ဆိပ်ကမ်းကို ရောက်နေတယ်၊ လက်နက်ကြီးကျည်တွေ၊တင့်ကား၂စီး နဲ့ လက်နက်ကြီးတွေပါလာတယ်။ ကွင်းဝိုင်းရေတပ်နဲ့ပေါင်းပြီး ပင်လယ်ထဲကနေဗီတွေ၊လက်နက်ကြီးတပ်ဆင်ထားတဲ့ ကင်းစခန်းကုန်းတွေကို ကျည်တွေကို စစ်ကားတွေနဲ့သွား ပို့နေတာတွေ့ရတယ်”ဟု သပြုချိုင်ဆိပ်ကမ်းမှ အမည်မဖော်လိုသူတစ်ဦးကပြောသည်။

ထို့အပြင် သဗြုချိုင်(မေရိုးဘေး)ဆိပ်ကမ်းအနီး ကွင်းဝိုင်းရေတပ်စခန်း၌ ဟောင်ဝှစ်ဇာ အမြောက်များကိုအထိုင်ချထားကာ ဆက်တိုက် ပစ်ခတ်လျက်ရှိပြီး ရေတပ်စခန်းကိုလည်း စစ်ကောင်စီက လုံခြုံရေးအပြည့်ချထားကြောင်း၊ သဗြုချိုင်(မေရိုးဘေး) ဆိပ်ကမ်းသို့ စစ်သင်္ဘော၂ စီးဆိုက် ရောက်လာပြီး စစ်ကောင်စီတပ်သားများကို အင်အားဖြည့်တင်းနေကြ ကြောင်းလည်း ဒေသခံများက ပြောသည်။

“ သဗြုချိုင်(မေရိုးဘေး)ဆိပ်ကမ်း ဘက်က လက်နက်ကြီးတွေ၊ ကျည်ဆံတွေ၊လူအင်အားတွေနဲ့ ဒီဖက်ကိုအင်အားဖြည့်နေတာတွေ့တယ်။ရွှေလှေတံတားမှာ စစ်သား ၄၀ လောက်ရောက်နေပြီး တံတားနားက ဆိုင်တွေ ပြောင်းသွားပြီ၊ အေအေက ကျောင်းကုန်း ဖုရားမော်ရွာတွေကို ရောက်နေပြီ၊စစ်တပ်ကမနိုင်ရင် တံတားကိုချိုးမယ်လို့သတင်းထွက်နေတယ်” လို့ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ကွင်းဝိုင်း ရေတပ်ဧရိယာနှင့် ဆက်စပ်နေသည့် သဗြုချိုင်၊ ပုန်းညက်ချိုင်နှင့် ကွင်းဝိုင်း အစရှိသည့်ကျေးရွာများတဝိုက်ရှိ တောတောင်အစပ်များတွင် မိုင်းများထောင်ထားခြင်းကြောင့် တောတောင်များတွင်လုပ်ကိုင်စားသောက်ရသည့် ဒေသခံများ အခက်ကြုံနေကြောင်းလည်း သိရသည်။

ရခိုင်ပြည်တောင်ပိုင်း၊ သံတွဲရေတပ်တည်ရှိရာ ကျေးရွာများ အနီးတဝိုက်တွင် စစ်တပ်က မိုင်းများထောင်ထားခြင်းကြောင့် ကွမ်းဝိုင်းကျေးရွာမှ ရွာသားတဦး ဧပြီ တတိယပတ်အတွင်း မိုင်းနင်းမိခဲ့ကာအကြားအာရုံထိခိုက်ခဲ့ကြောင်း ဒေသတွင်းသတင်းများတွင်ဖော်ပြထားကြသည်။

“ အေအေက သိမ်းလို့ရနေပြီ။ မြို့နာမှာစိုးလို့၊ စစ်တပ်ကိုထွက်ဖို့ပြောနေတယ်လို့ ကြားတယ်၊စစ်တွေကပြောင်းလာတဲ့ ဝန်ထမ်းတွေ ဌာနဆိုင်ရာတွေတော့ ငပလီအဏ္ဏဝါ ရိပ်သာကနေရန်ကုန်ကို မြန်မာ့လေကြောင်းနဲ့ရွှေပြောင်းနေတာ ၅ ရက်လောက်ရှိပြီ၊ တချို့ကျန်သေးတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။

ဓာတ်ပုံ - သံတွဲဒေသသတင်းများ

ဆက်စပ် သတင်းများ