သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

မင်းပြားမြို့ စည်ပင်ရုံးပေါ်သို့ စစ်ကောင်စီက ဗုံးကြဲခဲ့ပြီး ဗုံးကြဲခံရမှုနှင့် လက်နက်ကြီးကျည်ထိမှန်မှုကြောင့် အရပ်သား (၁၀)ဦး ကျော်ထိခိုက်ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 547

သဉ္ဇာနွယ်

ရခိုင်ပြည်၊ မင်းပြားမြို့တွင် စစ်ကောင်စီ၏ ဗုံးကြဲခံရမှုနှင့် လက်နက်ကြီးကျည် ထိမှန်မှုကြောင့်  အရပ်သား ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

မင်းပြားမြို့ကို ယနေ့ဧပြီ ၃၀ ရက်နေ့ နံနက် ၁၀ နာရီခန့်က ဂျက်တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲခဲ့၍  ဈေးဟောင်းပိုင်းရပ်ကွက်၊ စွန်ရဲလမ်းရှိ စည်ပင်ရုံးတွင် ကျရောက်ပေါက်ကွဲခဲ့ကာ အနီးအနားတွင်ရှိ‌သည့် နေအိမ်တွင်နေထိုင်သည့်   အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရှိသွားသည်ဟု မင်းပြားမြို့ခံတစ်ဦးက နိရဉ္စရာ သတင်းဌာနကို ပြောသည်။

"ဗုံးလာကြဲတာ စည်ပင်ရုံးမှာ ဗုံးတစ်လုံးကျတယ်။ ရုံးတစ်ဆောင်လုံးပြိုပျက်သွားတယ်။ ပြီးတော့အဲ့ဒီရုံးနားမှာနေတဲ့ အမျိုးသမီးတစ်ယောက် အမျိုးသားတစ်ယောက် ဒဏ်ရာရတယ် " ဟုပြောသည်။

အလားတူ  နံနက် ၁၀နာရီ ၁၅မိနစ်ကလည်း စစ်တွေ မြို့ဘက် မှ ဟောင်ဝစ်ဇာ လက်နက်ဖြင့် ပစ်ခတ်၍  လက်နက်ကြီးကျည်ထိမှန်ကာ မင်းပြားသပြေညိုရပ်ကွက်မှ လူနေအိမ် ၅ လုံး မီးလောင်ပျက်စီးသွားပြီး အမျိုးသမီး ၅ ဦး အမျိုးသား ၃ဦး ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု မင်းပြားမြို့ခံတစ်ဦးက နိရဉ္စရာ သတင်းဌာန ကိုပြောသည်။

"ဗုံးလည်းလာကြဲတယ်။ စစ်တွေဖက်ကလည်း ဟောင်ဝစ်ဇာတွေနဲ့ပစ်တယ်။ သပြေညိုရပ်ကွက်ကိုတော့ စစ်တွေကပစ်တဲ့လက်နက်ကျည်ကျတာပါ " ဟုပြောသည်။

လက်ရှိတွင် ဒဏ်ရာရရှိသူများကို နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ထားပြီး ဆေးကုသမှုပေးနေကြောင်း ဒေသခံများကပြောသည်။

အာရက္ခတပ်တော်သည် မင်းပြားမြို့ကို  ဖေဖော်ဝါရီလအတွင်းက သိမ်းပိုက်ခဲ့ပြီး  မင်းပြားမြို့ကို လက်လွတ်ဆုံးရှုံးခံရသည်။ စစ်ကောင်စီသည် မြို့သိမ်းပြီး သုံးလကြာသည်အထိ အရပ်သားပြည်သူများနေထိုင်သည့် မြို့ပေါ်နှင့်ကျေးရွာများသို့ ဗုံးကြဲမှုများဆက်တိုက်ပြုလုပ်လျှက်ရှိသည်။ 

စစ်ကောင်စီသည် ရခိုင်ပြည်တွင် မတ်လ(၁)ရက်မှ (၂၈)ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၂၁  ကြိမ် ပြုလုပ်ခဲ့ပြီး တိုက်ခိုက်မှုကြောင့် လူပေါင်း ၄၈ ဦးသေဆုံးကာ ၆၂ ဦးဒဏ်ရာရရှိခဲ့သည်။ 

Photo- ပေးပို့

ဆက်စပ် သတင်းများ