Preview

ရခိုင်တွင် တိုက်ပွဲများပြင်းထန်နေချိန် တရုတ်လူမျိုး ၅၀၀ ခန့် ကျောက်ဖြူသို့ရောက်ရှိလာ

မေ ၀၁/ ၂၀၂၄ | ကြည့်ရှုသူ :15074
ရခိုင် သတင်း

အေးမြတ်ခိုင်/နိရဉ္စရာ မေ /၂၀၂၄

၇ခိုင်တွင်တိုက်ပွဲများပြင်းထန်နေချိန်တွင် တရုတ်လူမျိုး ၅၀၀ ခန့်သည် ကျောက်ဖြူမြို့သို့ရောက်ရှိလာကြောင်း သတင်းရရှိသည်။

 

ဧပြီလ ၂၈ရက်မှာ တရုတ်စီမံကိန်းများရှိရာ ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းသို့ တရုတ်ပြည်မှသင်္ဘောဖြင့် တိုက်ရိုက်ရောက်ရှိလာခြင်း ဖြစ်ကြောင်းဖြစ်ပြီး ကျောက်ဖြူတွင် အကောင်အထည် ဖော်နေသည့် ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် လာရောက်ခြင်းဟု သိ၇ကြောင်း တရုတ်စီမံကိန်းတစ်ခုတွင်ဝင်ရောက် လုပ်ကိုင်နေသည့်အမည်မဖော်လိုသူတစ်ဦးကနိရဉ္စရာသတင်းဌာနကို ပြောသည်။

 

 "တရုတ်ပြည်ကနေ မဒေးကျွန်းကိုသင်္ဘောတစ်စီး တိုက်ရိုက်ဝင်လာတယ်။ ဆောက်လုပ်ရေးသုံးစက်ယန္တရား ၂၀ လောက်လည်း ပါတယ်။အဲ့ဒီ ဘတ်ဟိုးတွေ၊ စက်တွေကိုလည်း ဆိပ်ကမ်းကနေ သူတို့ စီမံကိန်းဇုန်ထဲကိုအားလုံးသွင်းယူသွားကြပါပြီ။ သင်္ဘောကတော့ အခုပြန်ထွက်သွားပါပြီ။ တရုတ်တွေကတော့မဒေးကျွန်းနဲ့ ကျောက်ဖြူကို အသွားအပြန်နေနေကြပါတယ်"ဟု ပြောသည်။

 

အဆိုပါတရုတ်များသည် လက်ရှိမှာ ကျောက်ဖြူမြို့ရှိ ဗာရာဏသီဟိုတယ်တွင် တည်းခိုနေထိုင်ကြကြောင်းကျောက်ဖြူဒေသခံများက ပြောသည်။

 

လက်ရှိရောက်ရှိနေသောအင်ဂျင်နီယာများအပါအဝင် တရုတ်လူမျိုး ၅၀၀ ခန့်သည် မဒေးကျွန်းမှကျောက်ဖြူအထူးစီးပွါးရေးဇုန် (SEZ) နယ်မြေကိုကားလမ်းထပ်မံတိုးချဲ့ဖောက်လုပ်မည်ဟု သိရပြီး ရေနက်ဆိပ်ကမ် တည်ဆောက်ရာတွင် ပါဝင်လုပ်ကိုင်မည့် အနေအထားကိုတွေ့မြင်ရကြောင်း ကျောက်ဖြူမြို့မှ လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။



"သူတို့ ရေနက် ဆိပ်ကမ်းအမှတ် ၁၊ အမှတ် ၂ ဆိုပြီး ထပ်တိုးဆောက်ချင်လို့ ဖြစ်နိုင်တယ်။ လမ်းတွေလည်းထပ်ဖောက်မယ်လို့ သိ၇တယ်။ ကလာဘာတောင်ဘက်ကနေ လမ်းကွေ့နားအထိဖောက်မယ်လို့ ပြောဆိုနေတာတွေကြားရတယ်။ စစ်ရေးကာလ စစ်ဖြစ်နေတုန်းမှာဆိုရင်  သူတို့က စီမံကိန်းတွေကို အကောင်အထည်ဖော် လုပ်ဆောင်လေ့ရှိတယ်။သူတို့ရဲ့လုပ်ငန်းစဥ်တွေကို မထိခိုက်ဘူးလေ။ဒီကြားထဲမှာ လူ ၅၀၀တောင်ပို့ထားတယ်ဆိုတာ သူတို့အကျိုးစီးပွါးအတွက် အလုပ်လုပ်ဖို့ပို့ထားတာ"ဟုပြောသည်။

 

ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းနှင့်အထူးစီးပွားရေးဇုန်သည် မြန်မာနိုင်ငံရှိ တရုတ်အကျိုးစီးပွားများ အနက်အရေးပါဆုံးသော စီမံကိန်းများဖြစ်ကြသည်။

 

ရင်းနှီးမြုပ်နှံမှုပမာဏ ဒေါ်လာသန်းထောင်ချီသည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းအတွက်နောက်ဆက်တွဲစာချုပ်ကို တရုတ်နိုင်ငံပိုင် CITICGroup ကုမ္ပဏီနှင့်စစ်ကောင်စီတို့ လက်မှတ် ရေးထိုးလိုက်သည်ဟု စစ်ကောင်စီက ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၆ တွင်သတင်းထုတ်ပြန်သည်။

 

စီမံကိန်းကိုအမြန်ဆုံးစတင်အကောင်အထည်ဖော်ရန် နှစ်ဖက်ပူးပေါင်းဆောင်ရွက်နေသည်ဟုလည်းစစ်ကောင်စီက ပြောဆိုခဲ့ပြီး နောက်ဆက်တွဲစာချုပ်နှင့်ပတ်သက်၍မည်သည့်သဘောတူညီချက်များ ဖြည့်စွက်သည်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိပါ။

 

လက်ရှိရောက်ရှိနေကြသည့်တရုတ်လူမျိုးများသည် အဆိုပါ နောက်ဆက်တွဲ စာချုပ်သဘောတူညီချက်များကိုအကောင်အထည်ဖော်ရန် ဖြစ်ပြီး စစ်ကောင်စီနှင့် အေအေတို့ ကျောက်ဖြူအပါအဝင် ၇ခိုင်မှာတိုက်ပွဲများပြင်းထန်နေချိန် စီမံကိန်းအကောင်အထည်ဖော်ခြင်းသည် ၇ခိုင်ဒေသကို ကြီးမားသည့်ထိခိုက်မှုများ ရှိလာနိုင်သည်ဟု တရုတ်စီမံကိန်းများနှင့်ပတ်သက်၍ တက်ကြွလှုပ်ရှားသူတစ်ဦးက ဆိုသည်။

 

"အရင်ကနိုင်ငံရေးတည်ငြိမ်နေချိန်မှာတောင် ဒေသခံတွေအတွက် အာမခံမှုမရှိခဲ့တဲ့စီမံကိန်းတွေဟာ လက်ရှိ ၇ခိုင်တောင်ပိုင်း အထူးသဖြင့်ကျောက်ဖြူပေါ့လေ။ အခုလို တိုက်ပွဲပြင်းနေချိန်မှာ အေအေရော စစ်ကောင်စီရော လူထုကပါအာရုံမစိုက်နိုင်ဘဲ  စ်ရေးပြင်းနေချိန်မှာ တရုတ်ကအခုလိုလုပ်ငန်းတိုးချဲ့တာဟာ ရခိုင်ဒေသအတွက် စိုးရိမ်စရာ ဆုံးရှုံးနစ်နာမှုတွေရှိလာနိုင်ပါတယ်"ဟုပြောသည်။

 

ကျောက်ဖြူစီးပွားရေးဇုန် SEZ ီမံကိန်းသဘောတူစာချုပ်ကိုဦးသိန်းစိန်လက်ထက်တွင် တရုတ်ဘက်က ၈၅ ရာခိုင်နှုန်း၊မြန်မာဘက်က ၁၅ ရာခိုင်နှုန်းဖြင့် စာချုပ်ချုပ်ဆိုခဲ့ခြင်း ဖြစ်ပြီး  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုး၇လက်ထက် ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင်တရုတ်ကုမ္ပဏီဘက်က ၇၀ ရာခိုင်နှုန်း၊ မြန်မာဘက်က ၃၀ ရာခိုင်နှုန်းဖြင့်ပြန်လည်ပြင်ဆင် ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။

 

ရခိုင်တွင်စစ်ပွဲများပြင်းထန်လာပြီးနောက် စစ်ရေးအရေးနိမ့်နေသည့်စစ်ကောင်စီသည်တရုတ်အကူအညီဖြင့် အပစ်အခတ်ရပ်စဲနိုင်ရန် တရုတ်ကို အကူအညီတောင်းခံမှုများရှိခဲ့ပြီးအာရက္ခတပ်တော်(AA) နှင့် စစ်ကောင်စီတပ်တို့တရုတ်အကူအညီဖြင့် အကြိမ်ကြိမ်တွေ့ဆုံ ညှိနှိုင်းမှုများရှိခဲ့သော်လည်းမအောင်မြင်ခဲ့ကြောင်းသိ၇သည်။

 

သို့သော်ရခိုင်ရှိ တရုတ်စီမံကိန်းများအား နှစ်ဘက်တပ်များက ထိခိုက်မှုမရှိရေး သဘောတူညီမှု ရှိခဲ့သည့် အတွက် ရခိုင်ရှိ စီမံကိန်းလုပ်ငန်းအကောင်အထည်ဖော်ရေးကို တရုတ်ကဆက်လက် လုပ်ကိုင်နေခြင်း ဖြစ်ကြောင်းကျောက်ဖြူမှု လူမှုရေးတက်ကြွလှုပ်ရှားသူများက ပြောသည်။

 

#ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.