လူထက်နိုင်(ဒွာရာမြီ)
နိရဉ္စရာ၊ မေ ၁ / ၂၀၂၄
၇ခိုင်တွင် တစ်ကျော့ပြန်တိုက်ပွဲများကြောင့် လူပေါင်း ၁၆၆,၀၀၀ ခန့် နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာမှု ပူးပေါင်းဆောင်ရွက်ရေးရုံး United Nations OCHA Myanmar က မေလ ၁ရက်နေ့တွင် ထုတ်ပြန်သည်။
ထို့အပြင် ရခိုင်ပြည်နယ် (အထူးသဖြင့်) မြောက်ပိုင်းဒေသများမှ ဘေးကင်းလုံခြုံရေး အခြေအနေများသည် တင်းမာနေဆဲဖြစ်ကြောင်းလည်းထုတ်ပြန်ချက်တွင်ပါရှိသည်။
UN OCHA က မေလ ၁ ရက်နေ့ ၌ အာရှနှင့်ပစိဖိတ်ဒေသ၏ အပတ်စဉ် လူသားချင်း စာနာမှုဆိုင်ရာ အခြေအနေများ အကျဉ်းချုပ်ကို ထုတ်ပြန်ရာတွင် ရခိုင်ပြည် လက်ရှိအခြေအနေများနှင့် ပတ်သက်ပြီးယခုကဲ့သို့ ထည့်သွင်းထုတ်ပြန်လာခြင်းဖြစ်သည်။
“ ရခိုင်ပြည်နယ်က၊ အထူးသဖြင့် မြောက်ပိုင်းဒေသတွေက ဘေးကင်းလုံခြုံရေးအခြေအနေတွေဟာ တင်းမာနေဆဲဖြစ်ပြီး၊ တပ်မတော်နဲ့ အာရက္ခတပ်တော်တို့အကြား ပြီးခဲ့တဲ့နိုဝင်ဘာလက စပြီးဖြစ်ပွားခဲ့တဲ့ တကျော့ပြန်တိုက်ပွဲတွေကြောင့် လူ ၁၆၆,၀၀၀ ခန့် နေရပ်စွန့်ခွာထွက်ပြေးနေကြရပါတယ်” ဟု United Nations OCHA Myanmar ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။
ထို့အပြင် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတွင် စစ်ကောင်စီနှင့် လက်နက်ကိုင်တပ်ဖွဲ့မျိုးစုံအကြား လက်နက်ကိုင်ပဋိပက္ခတွေဆက်လက်ဖြစ်ပွားနေရာတွင် အထူးသဖြင့် ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် တိုက်ပွဲတွေပြင်းထန်ခဲ့တာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေဖြစ်ပေါ်ခဲ့ပြီး၊ အရပ်သားကာကွယ်စောင့်ရှောက်မှုဆိုင်ရာ စိုးရိမ်စရာများ ဆက်လက်မြင့်တက်နေကြောင်းသိ၇သည်။
“ ကရင်ပြည်နယ်မှာ ဘေးကင်းလုံခြုံရေးအခြေအနေတွေဟာ ရုပ်ချည်းပြောင်းလဲနေပြီး၊ မြ၀တီနဲ့ကော့ကရိတ်မြို့နယ်တွေမှာဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေတွေကြောင့် အရပ်သားရွှေ့ပြောင်းသွားလာမှုတွေ ရှိနေပါတယ်။ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့မြ၀တီမြို့ဟာကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ရဲ့ခေတ္တထိန်းချုပ်ရယူထားမှုကနေ ပြီးခဲ့တဲ့သီတင်းပတ်မှာ တပ်မတော်ရဲ့ထိန်းချုပ်ရယူမှုအောက်ကို ပြန်ရောက်ခဲ့ပါတယ်။ မြ၀တီမြို့ပေါ်နဲ့ အနီးအနားကျေးရွာတွေက လူ ၄,၀၀၀ လောက်ဟာ တိုက်ပွဲတွေပြန်ဖြစ်လာမလားဆိုတဲ့စိုးရွံ့စိတ်တွေနဲ့ နေရပ်စွန့်ခွာနေကြ၇ဆဲဖြစ်ပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းက ဖယ်ခုံမြို့နယ်မှာ တိုက်ပွဲတွေကြောင့် ဧပြီလ ၂၀ နဲ့ ၂၃ ရက်နေ့အကြား အရပ်သားငါးဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းအရင်းအမြစ်တွေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက အစီရင်ခံထားပါတယ်” ဟု United Nations OCHA Myanmar ၏ထုတ်ပြန်ချက်တွင်ပါရှိသည်။