အေးမြတ်ခိုင်၊ နိရဉ္စရာ၊ မေလ ၂/၂၀၂၄
ရခိုင်ပြည်၊ မာန်အောင်မြို့နယ်တွင် စစ်မှုထမ်းဥပဒေအကြောင်းပြကာ ငွေကြေးကောက်ခံနေသည့် ဗိုလ်မှူးတစ်ဦးသည် ကောက်ခံထားသည့်ပိုက်ဆံများသွားယူစဉ် ဆိုင်ကယ်မှောက်ပြီးသေဆုံး သွားကြောင်း သတင်းရရှိသည်။
သေဆုံးသွာသူမှာ မာန်အောင်မြို့နယ် "ကမောင်တောင်" တွင် တပ်စွဲထားသည့် ခလ၇ (၅၅) တပ်ရင်းမှ စစ်ကြောင်းမှူးဟု ဒေသခံများသိရှိထားသူ ဗိုလ်မှူး ပြည့်ဖြိုးမောင်ဖြစ်ကြောင်း သိရှိ၇သည်။
ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူ တစ်ဦးက " အဲဒီဗိုလ်မှူးနဲ့ အတူတွဲလုပ်နေတဲ့ လူတွေဆီက ငွေ လာယူတာလို့ သတင်းအတိအကျသိရပါတယ်။ သစ်ပုံရွာနဲ့ကျွန်းကြားရွာအကြား ကျွန်းကြား တံတားနားမှာ ဆိုင်ကယ်မှောက်ပြီး တံတားစောင်းနဲ့ တိုက်မိလို့ ပါးရိုးကျိုးတယ်။ ဦးနှောက်ကို ထိခိုက်သွားတယ်လို့ သိရပါတယ်။ မာန်အောင် ပြည်သူ့ဆေးရုံကိုပို့ပေမယ့် ဆေးရုံမှာပဲ ဆုံးသွားတာပါ" ဟု ပြောသည်။
၎င်းစစ်ကြောင်းမှူးသည် ၎င်းနှင့်အတူတကွ ပူးပေါင်းကာငွေကြေးတောင်းခံနေသည့် ကျေးရွာဥက္ကဋ္ဌနှင့် ရာအိမ်မှူးများထံမှ ငွေသွားယူစဉ် ကျွန်းကြားတံတား၌ဆိုင်ကယ်မှောက်ပြီး သေဆုံးသွားခြင်း ဖြစ်ကြောင်း ဒေသခံများကပြောသည်။
အဆိုပါ စစ်ကြောင်းမှူးသည် မာန်အောင်ကျွန်းမှ ဒေသခံများအား စစ်မှုထမ်းရန် ဖိအားပေးပြီး စစ်မှု မထမ်းလိုသူများအား ကျပ်ငွေ သုံးသောင်းမှ တစ်သိန်းအထိ ငွေကြေးကောက်ခံမှုများ လုပ်ဆောင်နေသူဖြစ်ကြောင်း သိ၇သည်။
ယင်းအပြင် သယ်ယူပို့ဆောင်ရေးလမ်းကို စစ်ကောင်စီက ပိတ်ထားသဖြင့် မာန်အောင်မြို့နယ်သို့ကုန်ပစ္စည်းတင်သွင်းရာတွင်လည်း ကျေးရွာကောင်စီ ဥက္ကဋ္ဌများနှင့် ညှိကာ ကုန်သည်များထံမှ ငွေကြေးကောက်ယူမှုများ ပြုလုပ်နေသူဖြစ်ကြောင်းလည်း ဒေသခံများက ပြောသည်။
သစ်ပုံကျေးရွာမှ ဒေသခံတစ်ဦးက "သူတို့က ပြည်သူတွေဆီက ပိုက်ဆံရဖို့ အကြံအဖန်လုပ်နေကြတာတွေရှိတယ်။ အဓိကကတော့ ဥက္ကဋ္ဌတွေနဲ့ပေါ့။ ရမ်းဗြဲဘက်က ကုန်ပစ္စည်း သွားတင်တာမျိုး၊ အရက်သွားတင်တာမျိုးဆိုရင် ဥက္ကဌကတဆင့် သူတို့ကို ပိုက်ဆံပေးရပါတယ်။ ဥက္ကဋ္ဌနဲ့ ချိန်းပြီး ပိုက်ဆံ သွားယူရင်း အခုလိုဆိုင်ကတယ် မတော်တဆဖြစ်လို့ ဆုံးတာ "ဟုပြောသည်။
ဧပြီလ ၂၈ ရက်နေ့ညက ဆေးရုံတွင် သေဆုံးသွားသည့် စစ်ကြောင်းမှူးအလောင်းကို ရဟတ်ယာဉ်ဖြင့် ရန်ကုန် (သို့မဟုတ်) နေပြည်တော်သို့ သယ်ယူ သွားကြောင်း သိ၇သည်။