သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

အမ်းမြို့သို့ရောက်ရှိလာမည့် စစ်ကောင်စီ​၏ ရိက္ခာကားများကို အိုးစည်၊ဒိုးပတ်များနှင့် ကြိုဆိုကြရန် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများက မြို့သူမြို့သားများကို စည်းရုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 2.4k

သဉ္ဇာနွယ်

နိရဉ္ဇရာ၊ မေ ၂/ ၂၀၂၄

ရခိုင်ပြည်၊ အမ်းမြို့သို့ ရောက်ရှိလာမည့် စစ်ကောင်စီ၏ ရိက္ခာကားများကို ကြိုဆိုရန် စစ်ကောင်စီက ခန့်အပ်ထားသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မြို့သူမြို့သားများကို စည်းရုံးသိမ်းသွင်းနေကြောင်းသတင်းရရှိသည်။

မကွေးတိုင်းဒေသကြီးမှ  အမ်းမြို့သို့ ရောက်ရှိလာမည့် စစ်ကောင်စီ၏ ရိက္ခာတင်ဆောင်လာသည့် ကုန်ကားများကို ကြိုဆိုကြရန် ယနေ့ မေ ၂ ရက်နေ့နံနက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှုးများက ပြောကြားခဲ့ပြီး စစ်ကောင်စီ၏ ပဲပဒုံစစ်ဆေးရေးဂိတ်တွင် တစ်အိမ်တစ်ယောက်သွားကာ ကြိုဆိုနေရမည်ဟု အမ်းမြို့ဒေသခံအမျိုးသမီးတစ်ဦးက နိရဥ္စရာ သတင်းဌာန ကိုပြောသည်။

“ မနေ့ညနေက တစ်ခေါက် ကားတွေရောက်မယ်ဆိုပြီး ပြောခဲ့သေးတယ်။ မနေ့ကရောက်မလာတော့ ဒီနေ့ရောက်မယ်ဆိုပြီး တစ်အိမ်တစ်ယောက် အဲ့ဒီကားတွေကို သွားကြိုဖို့ စည်းရုံးတယ်။ ရပ်ကွက်ကလူတွေကလည်း ဒီနေ့ မနက်ကနေ သွားကြိုနေကြတာ ကားလည်းတစ်စီးမှမရောက်သေးဘူး။ သွားတဲ့လူတွေလည်းအခု ၁၂ နာရီ ခွဲထိ ပြန်မလာကြသေးဘူး” ဟုပြောသည်။

ထို့အပြင် အမ်းမြို့နယ်၊အောက်ရွာနှင့် ပြိုင်းတောရွာသူ၊ရွာသားများကိုလည်း အိုးစည်၊ဒိုးပတ်နှင့် ကြိုဆိုကြရန် ကျေးရွာ အုပ်ချုပ်ရေးမှုးက ညွှန်ကြားထားသဖြင့် သွားကြိုနေကြသည်ဟု ၄င်း အမျိုးသမီးကပြောသည်။

“ စစ်ကောင်စီရိက္ခာကားတွေကို အိုးစည်၊ဒိုးပတ်ဝိုင်းတွေနဲ့ပါသေသေချာချာကြိုရမယ်လို့ အုပ်ချုပ်ရေးမှုးကပြောတော့ သွားကြိုနေကြပါတယ်”ဟု ပြောသည်။

ယခုကဲ့သို့ စစ်ကောင်စီမှ ပြည်သူများကို စည်းရုံးကြိုဆိုခိုင်းခြင်းသည် အမ်းတွင် စားနပ်ရိက္ခာပြတ်လပ်နေသည့်အချိန် စစ်တပ်မှ စားနပ်ရိက္ခာတင်ဆောင်လာသည့်အတွက် ပြည်သူများက ဝမ်းပန်းတသာကြိုဆိုနေသည့် ပုံစံဖန်တီးနေခြင်းဖြစ်ပြီး ပြည်သူများကို နိုင်ငံရေးအမြတ်ထုတ်နေခြင်းဖြစ်သည်ဟု အမ်းမြို့မှလူမှုရေးလုပ်ရှားနေသည့် အမျိုးသားတစ်ဦးက နိရဥ္စရာ သတင်းဌာန ကိုပြောသည်။

“ အမ်းမှာ စားနပ်ရိက္ခာတွေပြတ်တောက်နေလို့ စစ်တပ်ကနေပြီး စားနပ်ရိက္ခာ လာပို့တာကို ကြိုဆိုနေတဲ့ပုံစံနဲ့သက်သက်ကြီးကို နိုင်ငံရေး အမြတ်ထုတ်ပြီး ပြည်သူကိုအတင်းအကျပ်လုပ်တာလို့မြင်တယ်။ လူထုက စစ်ကောင်စီကို ထောက်ခံသယောင်ယောင်ဖန်တီးနေတာ” ဟုပြောသည်။

အဆိုပါ စစ်ကောင်စီ၏ ရိက္ခာကားများကို အာရက္ခတပ်တော်က ဖြတ်သန်းသွားလာခွင့်ပိတ်နေသည့် ကြားထဲမှ အမ်းရိုးမပေါ်ရှိ တောင်စောက်နှင့် ဆင်ခုံတိုင်ကျေးရွာကြားသို့ (၅)စီးခန့် ရောက်ရှိနေပြီး အမ်းမြို့ပေါ်ထိမရောက်ကြသေးဟု အမ်းမြို့ခံများက ပြောသည်။

ယနေ့ဧပြီ ၂ ရက်နေ့ နံနက်ပိုင်းက အမ်းမြို့နယ် ငပြယ်ကျေးရွာနှင့် တောင်စောက်ကျေးရွာအကြားတွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုရှိခဲ့သည့် အတွက် စစ်ကောင်စီ၏ စားနပ်ရိက္ခာကားများ လမ်းခရီးတွင် ပိတ်ဆို့နေခြင်းကြောင်းနှင့် မြို့ပေါ်သို့ မရောက်ရှိနိုင်သေးကြောင်း ဒေသခံများကပြောသည်။ 

ဆက်စပ် သတင်းများ