ကံ့ကော်နီနီ နိရဉ္စရာ၊ မေ ၃ / ၂၀၂၄
အာရက္ခတပ်တော် (AA) က တိုက်ပွဲပြင်းထန်ဖြစ်လာနိုင်၍ ရှောင်တိမ်းခိုင်းထားသည့် ကျောက်ဖြူမြို့နယ်မှ ကျေးရွာအုပ်စုနှစ်ခုကိုစစ်ကောင်စီတပ်က ပိတ်ဆို့ထား၍ ဒေသခံများမှာ မရှောင်တိမ်းနိုင်ဘဲဖြစ်နေကြောင်းသတင်းရရှိသည်။
၎င်းကျေးရွာအုပ်စုနှစ်ခုမှာ ဂုံးချွိန်ကျေးရွာအုပ်စုနှင့်အုန်းတောကျေးရွာအုပ်စုတို့ဖြစ်ကြသည်။
ဂုံးချွိန်အုပ်စု ဒေသခံအမျိုးသမီးတစ်ဦးက " ဂုံးချွိန်အုပ်စုနဲ့ အုန်းတောအုပ်စုနှစ်ခုကို ရှောင်နေကြဆိုပြီး ပြောထားတာပါ။ရှောင်ဖို့သတိပေးထားတာက ဧပြီ ၂၇ ရက်နောက်ဆုံးထားပြီးရှောင်ခိုင်းထားတာ။ရှောင်ခိုင်းထားပေမယ့် စစ်တပ်ကပိတ်ထားတော့ ရှောင်ထွက်ဖို့လမ်းမရှိဘူး"ဟု ပြောသည်။
ဂုံးချွိန်အုပ်စုတွင် ဂုံးချွိန်၊ အောင်စေတီ၊စေပုတ်ကေ၊ လယ်ဒါပြင်၊ အင်းကြီးနား၊မန်ကျည်းထက်ပြင်၊ ကာရီရွာသစ်တို့ပါဝင်ပြီး အနည်းဆုံးအိမ်ထောင်စု ၁၆၀၀ခန့်ရှိကြောင်းသိ၇သည်။
အုန်းတောကျေးရွာအုပ်စုတွင် အုန်းတော၊ဝက်ဆံ၊ကျောက်ပြင်ဆိပ်၊ ကုန်ဘောင်၊ပြိုင်းစေ့ကေ ကျေးရွာတို့ရှိကြောင်းသိ၇သည်။
အဆိုပါကျေးရွာများမှ ဒေသခံများ ရှောင်ထွက်သွားနိုင်မည့် မလကျွန်းလမ်းပိုင်းနှင့်အုန်းတောလမ်းပိုင်း နှစ်ခုသာရှိရာ မလကျွန်းစေတီတောင်၊ အုန်းတောလမ်းပိုင်းမှကျောက်ဖြူတောင်နှင့်အမှတ် (၃၂) ဒိုးတန်းတောင်ရဲတပ်ရင်းတို့တွင် စစ်ကောင်စီတပ်က အထိုင်ချပိတ်ဆို့ထားသည့်အတွက်မရှောင်တိမ်း နိုင်ဖြစ်နေကြောင်းဂုံးချွိန်အုပ်စုဒေသခံအမျိုးသမီးကပြောသည်။
"တကယ်လို့ရှောင်မယ်ဆိုရင် ကျွန်မတို့ရွာတွေက လမ်းနှစ်ခုပဲရှိပါတယ်။ အဲဒီလမ်းနှစ်ခုလုံးကို စစ်တပ်ကပိတ်ထားတယ်။အဲဒါစစ်တပ်ကိုကဘယ်လိုမှဖြတ်သွားလို့မရနိုင်ဘူး။ ရွာသားတွေလည်း ရရာနည်းနဲ့ရှောင်သွားသူတချို့လည်းရှိတယ်။ကျွန်မတို့တော့ ရှောင်ထွက်သွားဖို့ဆိုတာက အိမ်မှာသက်ကြီးရွယ်အိုမိဘတွေနဲ့ နို့စို့ပက်လက်ကလေးတွေနဲ့ဆိုတော့ဒုက္ခရောက်နေတယ်" ဟု သူမကပြောသည်။
ယခုလက်ရှိတွင်လည်း ဂုံးချွိန်အုပ်စုအတွင်း စစ်ကောင်စီက ညဥ့်အချိန်ကားများဖြင့်ကင်းလှည့်ခြင်း၊ဧည့်စာရင်းအကြောင်းပြ၍ အိမ်များကိုဝင်ရောက်ရှာဖွေခြင်းများကိုနေ့စဥ်ဆိုသလိုပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။
ရက္ခိုင့်တပ်တော်မှ ကျောက်ဖြူနှင့်စစ်တွေမြို့တို့အား တိုက်ခိုက်ရန် အဆင်သင့် အနေအထားဖြင့် ဝိုင်းထားပြီဖြစ်ကြောင်း အာရက္ခတပ်တော်ပြောခွင့်၇သူ ဦးခိုင်သုခက သတင်းမီဒီယာများသို့ ပြောဆိုထားသည်။
“စစ်တွေနဲ့ ကျောက်ဖြူကို ဝိုင်းထားပါတယ်၊။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ဘိုးဘွားပိုင်မြေ အားလုံးကို ပြန်လည်ရရှိဖို့ပါ။ ဆိုလိုတာက ၇ခိုင်တပြည်လုံး” ဟု ဗွီအိုအေသတင်းဌာနကို ပြောကြားထားသည်။
စစ်ကောင်စီဘက်ကလည်း အဆိုပါရခိုင်ကမြို့ကြီးနှစ်မြို့ အေအေထိ သိမ်းပိုက်မခံရရန် ခံစစ်ကို အကြီးအကျယ်ပြင်ဆင်ထားပြီးမြို့နှစ်မြို့၏ ပတ်ပတ်လည်လည်တွင် မြေမြုပ်မိုင်းများ၊ ရေမြုပ်မိုင်းများကိုလည်း ထောင်ထားသည်ဟုသိ၇သည်။
(ဓာတ်ပုံ- ၇ခိုင်စစ်ပွဲမြင်ကွင်းတစ်ခု)