ကံ့ကော်နီနီ နိရဉ္စရာ၊မေ ၃ / ၂၀၂၄
ရခိုင်ပြည်၊သံတွဲမြို့နယ်၊ သူဌေးရေအားလျှပ်စီမံကိန်းအနီးဝန်းကျင်ရှိ ရွှေလှေတံတားဦးတွင်အာရက္ခတပ်တော် (AA)နှင့် စစ်ကောင်စီတို့ယနေ့နေ့လယ်ပိုင်းကတိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများကနိရဉ္စရာသတင်းဌာနသို့ပြောသည်။
ယနေ့မေလ၃ ရက်၊ နေ့လယ် ၂ နာရီဝန်းကျင်ကစတင်ကာ ရွှေလှေတံတားဦး လင်းသီကျေးရွာဘက် အခြမ်းနှင့်ချောင်းတဖက်ကမ်းရှိ တံတားဦးစားသောက်ဆိုင်တန်းဘက်မှ နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှုများဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းရွှေလှေတိုက်နယ်ဒေသခံတစ်ဦးက ပြောသည်။
" လင်းသီ ဘက်အခြမ်းနဲ့ဟိုဘက်ကမ်းတံတားဦးဘက်အခြမ်းဖြစ်နေကြတာ။ စဖြစ်တုန်းက သေနတ်ငယ်ပစ်သံတွေပါကြား၇တယ်။အခုညနေပိုင်းတော့ လက်နက်ကြီးသံတွေလောက်ပဲ ကြား၇တော့တယ်"ဟု ညနေ ၆ နာရီခွဲအချိန်ဆက်သွယ်မေးမြန်းစဥ် သူကပြောသည်။
အဆိုပါတိုက်ပွဲမှာညနေ ၄ နာရီအချိန်အထိလက်နက်ကြီးလက်နက်ငယ် ပစ်ခတ်မှုများရှိခဲ့ပြီးတံတားဦးစားသောက်ဆိုင်တန်းနောက်မှ တောင်တွင်လက်နက်ကြီးကျ၍ မီးလောင်နေသည်ကို လှမ်းမြင်နေရကြောင်းရွှေလှေဒေသခံတစ်ဦးကပြောသည်။
" ကျောင်းကုန်းရွာဘက်အခြမ်းတံတားဦးမှာစားသောက်ဆိုင်တန်းတွေရှိတယ်။ ကားတွေလာရင် အဲဒီမှာရပ်ပြီး ခရီးသည်တွေနားတဲ့နေရာ။ အဲဒီဆိုင်တန်းတွေရဲ့ နောက်ဖက်ကတောင်ဆိုရင်မီးခိုးတွေထွက်ပြီးမီးလောင်နေတာလှမ်းမြင်၇တယ်" ဟု သူကပြောသည်။
ယနေ့တိုက်ပွဲအတွင်းအထိအခိုက်အကျဆုံးအခြေအနေများကိုမူ မသိရှိနိုင်သေးကြောင်း ဒေသခံများကပြောသည်။
သူဌေးရေအားလျှပ်စစ်စီမံကိန်းအတွင်းဆောက်လုပ်ရေးကုမ္ပဏီရုံးများရှိရာ ပလိုင်းချောင်းအပါအဝင် နေရာနှစ်ခုတွင် ဧပြီလ ၂၈ရက်မနက်ပိုင်းတွင်လည်း အာရက္ခတပ်တော်နှင့် စစ်ကောင်စီတို့တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ကြသည်။
ဧပြီလ၂၆ ရက်ကလည်း သူဌေးရေအားလျှပ်စစ်စီမံကိန်းအနီးဝန်းကျင်နေရာများတွင်အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ရာစစ်ကောင်စီဖက်က အင်အား ၄၀ ခန့်ကျဆုံးမှုရှိပြီး ၄င်းတို့ထဲဒုတပ်ရင်းမှူးတစ်ဦးနှင့် ဗိုလ်ကြီးတစ်ဦးပါဝင်ကြောင်း ဒေသခံများက ပြောဆိုကြသည်။
သံတွဲမြို့နယ်၌ဖြစ်ပွားနေသည့် အာရက္ခတပ်တော် နှင့် စစ်ကောင်စီတပ်တို့၏ တိုက်ပွဲတွင်ပြည်သူ့စစ် သင်တန်းဆင်းသူများကို စစ်ကောင်စီကပါဝင်တိုက်ခိုက်ခိုင်းနေပြီး ထွက်ပြေးမှုများ ရှိနေကြောင်း ဒေသခံများကနိရဥ္စရာသို့ပြောဆိုကြသည်။
သံတွဲတိုက်ပွဲများအတွင်းပုရစ်၊ ရေကောက်နှင့် ဒေါ်မြရွာသစ်တို့မှ ထောင်နှင့်ချီသည့် အိမ်ထောင်စုများမှာအိုးအိမ်စွန့်ခွာပြီး ရွာလုံးကျွတ်ထွက်ပြေးနေကြ၇သည်။