Preview

ရခိုင်က မြို့နယ်အများအပြားတွင် မွေးကင်းစကလေးငယ်များ ကာကွယ်ဆေးများ မထိုးရဖြစ်နေ

မေ ၀၄/ ၂၀၂၄ | ကြည့်ရှုသူ :5053
ရခိုင် သတင်း

မောင်စာဂ/နိရဉ္စရာ၊ မေ ၄/၂၀၂၄

ရခိုင်က မြို့နယ်အများအပြားတွင်  မွေးကင်းစကလေးများကာကွယ်ဆေး မထိုးရဘဲ ဖြစ်နေကြောင်း၊ ထိုးနှံတိုက်ကျွေးရန်ကာကွယ်ဆေးများမရှိဖြစ်နေကြောင်း ဒေသခံများထံမှ တဆင့် သိရှိ၇သည်။

လက်ရှိတွင်AA က ထိန်းချုပ်ထားသည့်မြို့နယ်များသို့သွားလာရေးလမ်းကြောင်းများကို စစ်ကောင်စီက တင်းတင်းကျပ်ကျပ်ပိတ်ထားသည့်အတွက် ယင်းမြို့နယ်တွင်းရှိ ဆေးရုံများတွင်အဆိုပါကာကွယ်ဆေးများမရှိဘဲဖြစ်နေရသည်ဟု ကျောက်တော်မြို့နယ်မှကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

"ဒီဆေးတွေက အပြင်ဆေးဆိုင်တွေမှာ ဝယ်လို့မရဘူး။ ဆေးရုံကြီးတွေမှာပဲအအေးခံစနစ်နဲ့ ရှိတာ။ အဲဒီဆေးရုံကြီးတွေကတဆင့်မြို့နယ်ဆေးရုံတွေဆီဖြန့်တာ။ မြို့နယ်ဆေးရုံတွေမှာ ဆိုလာနဲ့ သေချာ အအေးခံသိမ်းဆည်းထားပြီးမှ ကျမတို့က လူဦးရေစာရင်းနဲ့တွက်ချက်ပြီး ထိုးပေး၇တာဖြစ်ပါတယ်"ဟု ပြောသည်။

မွေးကင်းစကလေးများကို မွေးပြီးပြီးချင်း တစ်ကြိမ်၊မွေးပြီးနောက် ၂ လတစ်ကြိမ်၊ ၄ လ တစ်ကြိမ်၊ ၆ လတစ်ကြိမ်၊ ၉ လတစ်ကြိမ်၊ ၁နှစ်ခွဲတစ်ကြိမ် စသည်ဖြင့် ကာကွယ်ဆေး ၁၂ မျိုးအား အခမဲ့ထိုးနှံတိုက်ကျွေးရသည်ဟု ကျန်းမာရေး အသိုင်းအဝိုင်းမှသိရသည်။

အဆိုပါကာကွယ်ဆေးများကို တစ်နေရာမှတစ်နေရာသို့သယ်ယူမည်ဆိုပါကလည်း အအေးခံစနစ်ဖြင့် သေချာ စနစ်တကျထုပ်ပိုးသယ်ယူကြရပြီးသယ်ဆောင်ရာ လမ်းတစ်လျှောက်အအေးပေးမထားပါက ဆေးများပျက်စီးသွားတတ်သည်ဟုလည်း အထက်ပါကျန်းမာရေးဝန်ထမ်းက ဆက်ပြောသည်။

"အခုက လမ်းပန်းဆက်သွယ်ရေးခက်ခဲနေတော့အဲဒီဆေးတွေကို အအေးခံပြီး သယ်လာဖို့ဆိုတာက သိပ်မလွယ်ဘူး"ဟုပြောသည်။

ယင်းသို့ကာကွယ်ဆေးများ အခက်အခဲရှိနေ၍ ကလေးများအတွက် အလွန်တရာ စိုးရိမ်ပူပန်နေရကြောင်းမွေးကင်းစ ကလေး မိခင်များက ပြောသည်။

မိခင်တစ်ဦးက"ကလေးကိုလည်း စစ်ဘေးရှောင်ဘ၀နဲ့အခက်အခဲအမျိုးမျိုးကနေ စိတ်ပင်ပန်း၊ လူပင်ပန်းခံပြီး မွေးပြီးသွားပြီ။ အခုတစ်ခါ ကလေးအတွက်ကာကွယ်ဆေးမရှိလို့ စိုးရိမ်ပူပန်နေရတယ်။ခုချိန်မှာ ကလေးအတွက် အလိုချင်၊ အတောင့်တဆုံးကတော့ ကာကွယ်ဆေးရဖို့ပါပဲ။ ကလေးတွေရောဂါကင်းကင်းနဲ့ ကျန်းကျန်းမာမာနဲ့ကြီးပြင်း လာစေချင်တယ်လေ။ သက်ဆိုင်ရာက အမြန်စီစဉ်ဖို့ မေတ္တာရပ်ခံချင်ပါတယ်"ဟုပြောသည်။



ကလေးများအားကာကွယ်ဆေး ၁၂ မျိုးကို အကြိမ်ပြည့်ထိုးနှံတိုက်ကျွေးခြင်းအားဖြင့် ပြင်းထန်တီဘီ၊ ပိုလီယိုအကြောသေ၊ ကြက်ညှာချောင်းဆိုး၊ဆုံဆို့နာ၊ မေးခိုင်၊ Hib ဦးနှောက် အမြှေးရောင်/အဆုတ်ရောင်၊အသည်းရောင်အသားဝါ(ဘီ)၊ ပြင်းထန်အဆုတ်ရောင်(ပီစီဘီ)၊ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်၊ ဂျိုက်သိုးနှင့် ပြင်းထန်ဝမ်းပျက်၊ဝမ်းလျှောရောဂါတို့ကို ကာကွယ်နိုင်ကြောင်း ကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်များအရသိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်မှ ကျန်းမာရေးဝန်ထမ်းတစ်ဦးကမူမွေးကင်းစကလေးများအတွက် ကာကွယ်ဆေးများကို ယခုလ မေလနှင့် ဇွန်လအတွင်းထိုးနှံတိုက်ကျွေးလာနိုင်ရန် စီစဥ်လျက်ရှိသည်ဟု ပြောသည်။

"မေနဲ့ ဇွန်အတွင်းမှာထိုးနှံလာနိုင်လိမ့်မယ်လို့ ခန့်မှန်းမိတယ်"ဟု ပြောသည်။

ရခိုင်တွင်AA က ပေါက်တော၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ ရမ်းဗြဲ၊ ကျောက်တော်၊ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မောင်တောမြို့နယ်ရှိတောင်ပြိုလက်ဝဲမြို့နယ်များနှင့် ပလက်၀တို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်သည်။

အဆိုပါမြို့နယ်များအတွင်းရှိဆေးရုံများတွင် မွေးကင်းစ ကလေးငယ်များအတွက် ကာကွယ်ဆေးများကိုယခင်က အအေးခံစနစ်ဖြင့်ထားရှိကာ အလုံအလောက် သိမ်းဆည်းထားရှိခဲ့သော်လည်း လက်ရှိတိုက်ပွဲကာလဖြစ်သဖြင့် ထိုသို့ သိမ်းဆည်းရန် အခက်အခဲရှိနေသည်ဟု သိရသည်။

သို့ရာတွင်အဆိုပါမြို့နယ်များ၌ AA နှင့်စစ်ကောင်စီတပ်တို့ တိုက်ပွဲများအပြင်းအထန်ဖြစ်ခဲ့ချိန်ဆေးရုံဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများအပါအဝင် မြို့လုံးကျွတ် အသက်လု ထွက်ပြေးခဲ့ရ၍ထိန်းသိမ်းစောင့်ရှောက်သူမရှိဖြစ်ခဲ့သည့်အတွက် ဆေးများအားလုံးပျက်စီးသွားခဲ့သည်ဟု သိရသည်။

၇ခိုင်တွင်စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်မှစတင်ကာ AA နှင့်တိုက်ပွဲများပြန်ဖြစ်ပြီးနောက်ကုန်းလမ်းနှင့် ရေလမ်းတို့ကို တင်းတင်းကျပ်ကျပ် ပိတ်ဆို့ထားကာ လူ့အခွင့်အရေးများကို အကြီးအကျယ် ချိုးဖောက်နေသည်ဟု ဒေသခံများကပြောကြားသည်။

#ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.