စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

အပူချိန်မြင့်မားခြင်းနှင့် မသန့်ရှင်းသည့်ရေ ကြောင့် ပုဏ္ဏားကျွန်း စစ်ဘေးရှောင်စခန်းတစ်ခုတွင် စစ်ရှောင်လူဦးရေ(၈၀)ကျော် ဝမ်းပျက်၊ဝမ်းလျှောရောဂါ ဖြစ်ပွားနေပြီး သုံးဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 478

သဉ္ဇာနွယ်

နိရဉ္စရာ၊ မေ ၄/ ၂၀၂၄

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊အထက်မြတ်လှဲ စစ်ဘေးရှောင်စခန်းတွင်  ဝမ်းပျက်၊ဝမ်းလျှောရောဂါဖြစ်ပွားနေပြီး စစ်ဘေးရှောင် လူဦးရေ ၈၀ ကျော်ခန့် ဝမ်းပျက် ဝမ်းလျောရောဂါဝေဒနာ ခံစားနေရကြောင်းသတင်းရရှိသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ အထက်မြတ်လှဲ စစ်ဘေးရှောင်စခန်းတွင် ဧပြီလ အတွင်းမှ စတင်၍ ဝမ်းပျက်၊ဝမ်းလျှော ရောဂါခံစားနေရသူ (၈၀) ကျော်အထိရှိနေပြီး အကူအညီများအရေးပေါ် လိုအပ်နေသည်ဟု အထက်မြတ်လှဲစစ်ရှောင်စခန်းမှ စခန်းတာဝန်ခံအမျိုးသားက နိရဉ္စရာ သတင်းဌာန ကိုပြောသည်။

“ ဧပြီလကနေစပြီး ဝမ်းလျှော၊ဝမ်းပျက်ဖြစ်နေတာ အယောက် ၁၀၀ ကျော်ရှိတယ်၊ အဲ့ဒီအထဲမှာ ပြန်သက်သာလာတာက ၂၀ လောက်ရှိတယ်။ အရမ်းအရှင်းကြီး ကောင်းသွားတာမျိုးတော့ မဟုတ်ဘူး။ အခုလက်ရှိ ၈၀ ကျော်အထိ ရောဂါ ခံစားနေကြရတယ်။ လက်ရှိ အရေးပေါ် ဆေးရုံပို့ထားရတာကဆယ်ကျော်သက် အရွယ် မိန်းကလေး နှစ်ယောက်ရှိတယ်။သေသွားတာက သုံးယောက်ရှိပြီ။ အခု အရေးပေါ်အကူအညီတွေ လိုအပ်နေပါတယ်။ ‌နောက်ထပ် အသက်အန္တရာယ်ဆုံးရှုံးမှုတွေ ဖြစ်လာမှာကို အရမ်းစိုးရိမ်နေရပါတယ်” ဟုပြောသည်။

ပြီးခဲ့သည့် ဧပြီ ၁၁၊ ၂၅ ၊ ၂၈ ရက်များတွင်  ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားပြီး   သက်ကြီးပိုင်းအရွယ် (၂) ဦးနှင့် ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ဦး သေဆုံးသွားခဲ့သည်ဟု အထက်မြက်လှဲကျေးရွာမှအမျိုးသမီးတစ်ဦးက နိရဉ္စရာ သတင်းဌာန ကိုပြောသည်။

" ဧပြီလကနေစပြီး၊ဗိုက်နာတာတွေ၊အောင့်တာတွေ အထက်လှန်အောက်လျှော ဖြစ်တာတွေ စတင်ဖြစ်ခဲ့တယ်။ ပထမ အသက်ကြီးပိုင်းအမျိုးသားတစ်ယောက် ဝမ်းလျှောပြီး သေတယ်။ ပြီးတော့ နောက်ထပ်သက်ကြီးပိုင်းအမျိုးသမီးတစ်ဦးထပ်သေတယ်။ သိပ်မကြာဘူး အသက်၁၀ နှစ်ကျော် ကလေးတစ်ယောက်သေတယ်။ သူက ဗိုက်နာတယ် အန်တယ် နောက်တစ်ရက်မှာ သေသွားတယ် ။ ဆေးဝါးမလုံလောက်တာနဲ့  အချိန်မီမကုသနိုင်တာကြောင့်ပါ" ဟုပြောသည်။

သေဆုံးသွားသူများမှာ ပုဏ္ဏားကျွန်းမြို့နယ်၊အထက်မြက်လှဲစစ်ရှောင်စခန်းသို့ စစ်ရှောင်လာသည့်  ကျောက်တော်မြို့နယ် တဲဝ ကျေးရွာမှ ဦးမောင်ယုံ အသက်( ၇၅)နှစ်၊ မီးကျောင်းခေါင်းကျေးရွာမှ  ဒေါ်ငွေခင် (၆၄) နှစ်နှင့် ပညာကြီးကျေးရွာမှ မသန္တာကြည် အသက် (၁၇) နှစ်အရွယ်ဖြစ်သည်။

ယခုကဲ့သို့ ဝမ်းလျှော၊ဝမ်းပျက်ဖြစ်ရခြင်းမှာ  အပူချိန်မြင့်မားခြင်းနှင့် မသန့်ရှင်းသည့် ရေကို သောက်သုံးမိခြင်းကြောင့်ဖြစ်သည်ဟု အထက်မြက်လှဲကျေးရွာမှ အမျိုးသားတစ်ဦးက နိရဉ္စရာ သတင်းဌာန ကိုပြောသည်။

" အခုချိန်မှာ သောက်သုံးရေက အဓိကလိုအပ်နေတာပါ။ ရေလာလှူတဲ့သူတွေရှိပေမယ့် လူတွေကအများကြီး‌ဆိုတော့ မလုံလောက်ဘူးလေ။ ကန်က‌ ရေတွေက ရွံ့အနည်အရည်‌တွေ။ မသန့်ရှင်းတဲ့ရေကို သောက်သုံး‌လို့  ဗိုက်နာ၊ဗိုက်အောင့် ၊ဗိုက်ရောင်တာတွေ အခုလက်ရှိ ၅ ယောက်လောက်ရှိနေတယ် " ဟုပြောသည်။

လက်ရှိတွင် ဝမ်းလျှောရောဂါကြောင့်  အသက် (၅) နှစ်အရွယ်နှင့် (၁၅) နှစ်အရွယ် မိန်းကလေး နှစ်ဦး ဆေးကုသမှုခံယူနေရပြီး ကူးစက်‌ မှုများဖြစ်နေသည်ဟု ရွာသားများက ပြောသည်။ 

" ဦးလှသိန်းအောင်ရဲ့ မြေးမလေးနဲ့ ဦးမောင်သောင်းရဲ့မြေးမ နှစ်ယောက်လုံးက ဆေးကုသမှုခံယူနေရပါတယ်။ စားဝတ်နေရေးကလည်းကျပ်တည်း တော့ ဆေးကုသဖို့ပိုက်ဆံလည်းလိုအပ်နေတယ်။ နောက်ထပ်ထပ်မဖြစ်စေချင်တော့ပါဘူး၊ အခုဖြစ်နေရတဲ့အကြောင်းအရင်းက နေပူတာနဲ့ ရေမသန့်ရှင်းတာတွေကိုသောက်မိလို့ဖြစ်နေတာပါ။ သုံးရေဆိုလည်း မသန့်ရှင်းတာတွေချိုးလို့ အရေပြားမှာ အဖုတွေ ထွက်တာမျိုးတွေလည်းရှိနေပါတယ်” ဟုပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ် အထက်မြတ်လှဲကျေးရွာရှိ စစ်ဘေးရှောင်စခန်းတွင် စစ်တွေ၊ကျောက်တော်နှင့်ပုဏ္ဏားကျွန်းမြို့နယ်က စစ်ရှောင်များနေထိုင်ကြကြောင်း စစ်ရှောင်များကပြောသည်။

စစ်ဘေးရှောင်နှင့် ဒေသခံကျေးရွာသားများမှာ စစ်ရှောင်ဦးရေ များလာမှုနှင့်အတူ ‌သောက်သုံးရေ ပြတ်လပ်ခြင်း၊ စားဝတ်နေရေး  ကျပ်တည်းခြင်းနှင့်ရင်ဆိုင်နေကြရပြီး  သောက်သုံးရေမသန့်ရှင်းမှုကြောင့် ဝမ်းလျှော၊ဝမ်းပျက်ရောင်ဖြစ်ကာ အသက်အန္တရာယ်ဆုံးရှုံးနေကြရကြောင်း သိရသည်။

ဆက်စပ် သတင်းများ