စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

သံတွဲမြို့နယ် ရွှေလှေအနီး ယ​နေ့တိုက်ပွဲ ၇ နာရီကျော်ကြာမြင့်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 2.5k

(စစ်ကောင်စီတပ်က ဟောင်ဝစ်ဇာများပစ်ကူနေရ)

ကံ့ကော်နီနီ၊  နိရဉ္စရာ၊ မေ ၄ / ၂၀၂၄

ရခိုင်ပြည်၊ သံတွဲမြို့နယ် ၊ ရွှေလှေတိုက်နယ်အနီး အာရက္ခတပ်တော် ( AA) နှင့် စစ်ကောင်စီတို့ ယနေ့မေလ ၄ ရက်တွင်လည်း နှစ်ဘက်တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲမှာ အချိန် ၇ နာရီ ကျော်ခန့်အထိ ကြာမြင့်ခဲ့ကြောင်း ဒေသခံများကနိရဉ္စရာသတင်းဌာနသို့ပြောသည်။

 ရွှေလှေကျေးရွာနှင့် တစ်ဘက်ကမ်းရှိ ကျောင်းကုန်းကျေးရွာဘက်ခြမ်းနှင့် ခမောင်းတုန်းလမ်းခွဲ၊ အုန်းမော်တောင်တို့ဘက်မှ လက်နက်ငယ်ပစ်ခတ်သံများ ကို နံနက် ၁၀ နာရီဝန်းကျင်တွင် စတင် ကြားခဲ့ရပြီး လက်နက်ကြီးလက်နက်ငယ်ပစ်ခတ်သံများကို ညနေ ၅ နာရီဝန်းကျင်အထိ ကြားခဲ့ရကြောင်းဒေသခံအမျိုးသားတစ်ဦးကပြောသည်။

 

" မနက်ဆယ်နာရီလောက်ကပဲ သေနတ်ပစ်သံတွေကြားရတယ်။ ကျောင်းကုန်းရွာဖက်နဲ့ အုန်းမော် တောင်ကုန်းဘက်ကပစ်ခတ်သံတွေကြားရတာ။ တိုက်ပွဲကပစ်လိုက်ရပ်လိုက်နဲ့ အခုညနေပိုင်းအထိကို ပစ်သံတွေကြားခဲ့ရသေးတယ်" ဟု ယခုညနေ ၆ နာရီအချိန်ဆက်သွယ်မေးမြန်းစဥ် အဆိုပါဒေသခံက ပြောသည်။

 

စစ်ကောင်စီဘက်မှ သံတွဲမြို့အဝင် ဘားတောင်းတောင်တွင်ဖွဲ့စည်းထားသည့်အမြောက်တပ်ကနေ တစ်နေ့လုံး လက်နက်ကြီးများပစ်ကူပေးခဲ့ရကြောင်း ဒေသခံများကပြောသည်။

 

" ဘားတောင်းတောင်ဘက်က လက်နက်ကြီးတွေနဲ့ပစ်တာတစ်နေ့လုံး။ ဟောင်ဝစ်ဇာလို့ထင်တယ်။ အသံကြီးတွေကအကျယ်ကြီးဟိန်းနေတယ်" ဟု ရွှေလှေဒေသခံတစ်ဦးကပြောသည်။

 

ကင်းမော်ကျေးရွာဒေသခံတစ်ဦးကလည်း" ဒီနေ့တစ်နေ့လုံးလိုလိုလက်နက်ကြီးတွေပစ်နေတာ။ ဘားတောင့်တောင်ဘက်ကပစ်နေတာကြားရတယ်" ဟု နိရဥ္စရာသတင်းဌာနသို့ပြောသည်။

 

သူဌေးရေအားလျှပ်စီမံကိန်းအနီးဝန်းကျင်ရှိ ရွှေလှေတံတားဦးတွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတို့ ယမန်နေ့ မေလ ၃ ရက်နေ့လယ်ပိုင်းကလည်းတိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက နိရဉ္စရာသတင်းဌာနသို့ပြောသည်။ အဆိုပါတိုက်ပွဲအတွင်း လက်နက်ကြီးကျည်များ လင်းသီကျေးရွာဘက်အခြမ်း ရွှေလှေတံတားဦးအနီးကျရောက်ပေါက်ကွဲမှုများရှိခဲ့သလို လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ကျောင်းကုန်းကျေးရွာဘက်အခြမ်းရှိ တံတားဦးစားသောက်ဆိုင်တန်း နောက်ဘက်တောင်ကုန်းမှာ မီးလောင်ခဲ့ကြောင်း ဒေသခံများကပြောသည်။

 

ယမန်နေ့တိုက်ပွဲနှင့် ယနေ့တိုက်ပွဲအ​ခြေအနေများကို သိရှိနိုင်ရန် နိရဥ္စရာသတင်းဌာနက ဆက်လက်ကြိုးစားနေဆဲဖြစ်သည်။


( ဓာတ်ပုံ- ပုံဟောင်းသာ)

ဆက်စပ် သတင်းများ