စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

အမ်းတွင် စစ်ကောင်စီမှ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်၍ ကျောင်းသားတစ်ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 794

သဥ္ဇာနွယ်/ နိရဥ္စရာ၊မေ ၄/ ၂၀၂၄

ရခိုင်ပြည်၊ အမ်းမြို့နယ် မင်းတက်ကျေးရွာအနီးတဝိုက်ကို စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်၍ Grade- 12 ကျောင်းသားတစ်ဦးသေဆုံးပြီး လူငယ် ၂ ဦးအပါအဝင် အရပ်သား  ၅  ဦး ရရှိသွားကြောင်း သတင်းရရှိသည်။

အမ်းမြို့နယ်၊တပ်တောင်မြို့နှင့်၃မိုင်ကွာဝေးသည့် မင်းတက်ကျေးရွာအနီးတစ်ဝိုက်ကို ယနေ့ မေ ၄ ရက်နေ့ နေလယ် ၂နာရီခွဲခန့်က စစ်ကောင်စီ၏ ဂျက်ဖိုက်တာတစ်စီးဖြင့် ဗုံးလာကြဲခဲ့သည်။

 

မင်းတက် ကျေးရွာနှင့်တန်းတင် ကျေးရွာဖက်ကို ဆက်သွယ်ထားသည့်  ဘေလီတံတားအနီးအနား တစ်ဝိုက်တွင် ဗုံးနှစ်လုံးကျရောက်ခဲ့ကာ  ၁၂ တန်း‌ ဖြေဆိုထားသည့်‌  ကျောင်းသားတစ်ဦး သေဆုံးပြီး အမျိုးသား၄ဦးနှင့် အမျိုးသမီး တစ်ဦး စုစုပေါင်း ၅ ဦးထိခိုက် ဒဏ်ရာရရှိသွားသည်ဟု အမ်းဒေသခံ တစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

“ တံတားပေါ်ကို မတက်ခင်နားမှာ တစ်လုံးကျလို့ ကတက်ညွှန့်နဲ့ပဒက်ဇာ ဟင်းလာရောင်းတဲ့ အမျိုးသမီးတစ်‌ယောက်နဲ့ အမျိုးသားတစ်ယောက် နှစ်ယောက်ဒဏ်ရာရတယ်။ ပြီး‌တော့ ၁၂တန်း ဖြေထားတဲ့ ကျောင်းသူလေးတစ်ယောက်က ‌ဆိုင်ကယ်နဲ့သွားတုန်းမှာ လမ်းမှာကျည်စထိမှန်ပြီး သေသွားတယ်။ အလောင်းကိုတော့ ရွာကိုယူသွားကြပြီ။ နောက်ထပ်လမ်းသွားလမ်းလာလုပ်နေတဲ့ သက်ကြီးပိုင်းအမျိုးသား သုံးဦးဒဏ်ရာရတယ် " ဟုပြောသည်။

သေဆုံးသူမှာ အမ်းမြို့နယ်၊ တပ်တောင်မြို့နယ်၊ငရုတ်တောင် ကျေးရွာမှ အသက် ၁၆နှစ်အရွယ် ကျောင်းသူ တစ်ဦးဖြစ်သည်။


ဒဏ်ရာရရှိသူများမှာ တပ်နယ်ကျေးရွာမှာ အသက်ကြီးပိုင်းအမျိုးသား သုံးဦးနှင့် အသက် ၁၃ နှစ်အရွယ် ယောက်ျားလေး တစ်ဦးနှင့် မိန်းကလေး တစ်ဦးဖြစ်ကြောင်း ဒေသခံများကပြောသည်။

စစ်ကောင်စီသည် အာရက္ခတပ်တော်၏ ထောက်ပို့စခန်းရှိသည်ဟု ယူဆကာ လာရောက်ဗုံးကြဲခြင်း ဖြစ်ပြီး ၄င်းကျေးရွာအနီးတစ်ဝိုက်တွင်လည်း တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိကြောင်း အမ်းဒေသခံတစ်ဦးက နိရဥ္စရာ သတင်းဌာန ကိုပြောသည်။

“ အဲ့ဒီရွာအနီးအနားတွေမှာ တိုက်ပွဲဖြစ်တာလည်းမရှိဘူး။ ကျနော်တို့ကြားတာက အာရက္ခတပ်တော် စားနပ်ရိက္ခာသိုလှောင်ထားတဲ့ ထောက်ပို့စခန်းရှိတယ်လို့ ယူဆပြီး လာပစ်တာလို့ကြားတယ်။ သူတို့က ဘာကိုမကျေနပ်ပြီး လာပစ်တာလဲတော့မသိဘူး” ဟုပြောသည်။

ယခုကဲ့သို့ စစ်ကောင်စီမှ မထင်မှတ်ဘဲ လာရောက်ပစ်ခတ်ခဲ့သည့်အတွက် မင်းတက်ကျေးရွာ အပါအဝင် ဆင်ကျပြင်၊တောင်မော်၊မျောက်တိုက်နှင့် အဝပြင်ကျေးရွာမှ ဒေသခံများ ထွက်ပြေးနေရကြောင်း သိရသည်။ 

ဆက်စပ် သတင်းများ