တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

သံတွဲတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ တိုက်ပွဲပြင်းထန်မှုကြောင့် ရခိုင်နှင့် ဧရာဝတီနယ်စပ်တွင် စစ်ကောင်စီ အင်အားတိုးချထား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 7.4k

လူထက်နိုင် (ဒွါရာမြီ)

နိရဉ္စရာ၊မေ ၇/၂၀၂၄

ရခိုင်ပြည် သံတွဲတွင်  စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့တိုက်ပွဲပြင်းထန်မှုကြောင့် ရခိုင်နှင့်နယ်မြေခြင်းထိစပ်နေသည့် ဧရာဝတီတိုင်းရှိကျေးရွာများတွင် စစ်ကောင်စီမှ အင်အားဖြည့်တင်းပြီးလုံခြုံရေး တင်းကြပ်ထားကြောင်း ဒေသခံများထံမှသိရသည်။

လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်သံတွဲမြို့နှင့် ဧရာဝတီတိုင်းသည် ရန်ကုန်- သံတွဲကားလမ်းမတစ်လျှောက် ဆက်စပ်နေခြင်းဖြစ်သည်။

ရခိုင်နှင့် ဧရာဝတီတိုင်းနယ်စပ်ရှိ ရေကြည်၊ ငါးသိုင်းချောင်းမြို့နယ်များရှိ လမ်းတစ်လျှောက်ရှိ ကျေးရွာများတွင် စစ်ကောင်စီမှ အင်အားတိုးချထားကာ ရေနံ့သာစစ်ဆေးရေးဂိတ် တွင်လည်း ရခိုင်ဘက်နှင့်ဆက်စပ်သည်ဟုထင်သော ကားများ ဆိုင်ကယ်များ ဘေးတွဲဆိုင်ကယ် ထော်လာဂျီများကို တင်းကြပ်စွာ စစ်ဆေးနေကြောင်းသိရသည်။

“အခု ရေကြည် ငါးသိုင်းချောင်းကြား ကြို့ကုန်း စာသင်ကျောင်းမှာ စစ်ကောင်စီအင်အား ၃၀လောက် RPG လက်နက်တွေနဲ့ တပ်စွဲထားသလို ငါးသိုင်းချောင်း အထက ကျောင်းနဲ့ အခြားကျေးရွာ တွေမှာလဲ တပ်စွဲဖို့ပြင်ဆင်နေပြီ။ ကျွန်တော်တို့ သိတာတော့ ရခိုင်ကိုသွားတဲ့လမ်းတစ်လျှောက် အင်အားတိုးချထားတာပဲ ဗျ” ဟု ရခိုင်နှင့် ဧရာဝတီတိုင်းနယ်စပ်တွင်နေထိုင်သူ တစ်ဦးက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ၊ရေကြည်မြိုနယ်၊ ငါးသိုင်းချောင်းမြို့ အနီး အချက်ချာကျသည့်ကျေးရွာများတွင်  မကြာခင် တပ်စွဲမှုများပြုလုပ်တော့မည်ဟုသိရှိရပြီး တချို့ကျေးရွာများသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များလာရောက် ကြည့်ရူ့ပြီး တပ်စွဲရန်ပြင်ဆင်‌နေမှုများရှိကြောင်း သိရှိရသည်။

ရခိုင်တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့တိုက်ပွဲပြင်းထန်မှုကြောင့် ကုန်သွယ်လမ်းများပိတ်ဆို့ထား၍ ငါးသိုင်းချောင်မြို့မှ ရခိုင်သို့ မှောင်ခိုလမ်း‌ကြောင်းဖြင့် စစ်ကောင်စီတပ်သားများအား လမ်းကြောင်းကြေးများပေး၍ ဖြတ်ကျော်နေရပြီး ရခိုင်ပြည်နယ် ဂွမြို့တွင် ကုန်ပစ္စည်းများဈေးမြင့်တက်နေကြောင်း သိရှိရသည်။

“ အခုက ရခိုင်နဲ့ ဧရာဝတီတိုင်းနယ်စပ်မှာ ဂိတ်တွေထပ်တိုးထားတယ်၊ ရခိုင်ဖက်ကို ဧရာဝတီက စစ်ကားတွေနေ့တိုင်းသွားတယ်။ ပြန်လာတာလည်းရှိတယ်။ ပြန်မလာတာလည်းရှိတယ်၊ လမ်းကတော့ပိတ်ထားတာပဲ။သူတို့နဲ့ အဆင်ပြေတဲ့သူတချို့တော့ဖြတ်ကြရတယ်” ဟု ဒေသခံတစ်ဦး ကပြောသည်။

မေလ ၆ ရက်နေ့နံနက်ပိုင်းကလည်း ဧရာဝတီမှ ရခိုင်ပြည်သို့ စစ်ကောင်စီ ကစထမှူးလမ်းကြောင်းနှင့်စက်သေနတ်တပ်ဆင်ထားသည့် ကားတစ်စီး၊ Double Cubများနှင့် SURF ကားများ စုစုပေါင်း( ၁၅)စီးခန့်ဆင်းသွားကြောင်းသိရသည်။

ထို့အပြင် ယခုရက်ပိုင်း၌ ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့တို့ရှိ လမ်းဆုံလမ်းခွများတွင် စစ်ကောင်စီတပ်နှင့်ရဲများလုံခြုံရေးယူထားကြောင်း သိရှိရသည်။

ရာဝတီတိုင်းဒေသကြီး ပုသိမ် - မုံရွာလမ်း အနောက်ဘက်လမ်းကြောင်းကို ရေနံ့သာဂိတ်တွင် စစ်ကောင်စီဗိုလ်တစ်ဦးသီးသန့် တာဝန်ယူထားပြီး  လမ်းတလျှောက်ဂိတ်များတွင် အစစ်အဆေးများရှိကြောင်းသိရှိရသည်။

ဓာတ်ပုံ - ဧရာဝတီသတင်း

ဆက်စပ် သတင်းများ