တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

မြန်မာကျောင်းသားများ နေရပ်ပြန်သည့်အခါ စစ်မှုထမ်းရနိုင်သည့်အတွက် ဩစတြေးလျအစိုးရ အနေဖြင့် အမြန်ဆုံး ထိရောက်သည့်တုန့်ပြန်မှုများဆောင်ရွက်ရန် ပညာရှင်များတိုက်တွန်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 12.5k

ဂျွန်နသန်၊ နိရဉ္စရာ၊ မေ ၇/ ၂၀၂၄

မြန်မာပညာတော်သင်ကျောင်းသားများသည် ဩစတြေးလျတွင် ပညာသင်ယူခြင်းပြီးဆုံးပါကနေရပ်သို့ ပြန်သည့်အခါ စစ်မှုထမ်းရနိုင်သည့် အတွက် ဩစတြေးလျအစိုးရအနေဖြင့် သင့်လျော်ထိရောက်သည့် တုန့်ပြန်ဆောင်ရွက်မှုများကို အမြန်ဆုံးဆောင်ရွက်သင့်ကြောင်း ပညာရှင်များက တိုက်တွန်း ပြောကြားလိုက်သည်။

ဩစတြေးလျတွင် ပညာသင်ယူနေသည့်မြန်မာပညာတော်သင်ကျောင်းသားများသည်လာမည့်လ များတွင် ဘွဲ့များ ရရှိတော့မည်ဖြစ်ပြီး ပညာပြီးဆုံးပါက မြန်မာနိုင်ငံသို့ ပြန်ရာတွင် စစ်မှုထမ်းရန် အလားအလာနှင့် ရင်ဆိုင်နေကြရသည်။

သူတို့၏ မွေးရပ်မြေကို ပြန်ရောက်သည့်အခါ စစ်မှုထမ်းခံရမည်ကို စိုးရိမ်နေကြသည်။ သူတို့သည် ပိုမိုကောင်းမွန်သော အနာဂတ်ကို တည်ဆောက်ရန် သြစတြေးလျသို့ လာခဲ့ကြသည်။

ဘွဲ့ရပြီး သြစတြေးလျနိုင်ငံတဝှမ်းရှိ တက္ကသိုလ်များတွင် ပညာသင်ကြားနေသော မြန်မာနိုင်ငံသား အများအပြား၏ ကြောက်ရွံ့စိုးရိမ်မှုမှာ ၎င်းတို့၏ ကျောင်းသားဗီဇာ သက်တမ်း ကုန်ဆုံးရန် နီးကပ် လာပြီဖြစ်သည် ဟု ABC Newsကမေ ၅ရက်တွင် ရေးသားဖော်ပြသည်။

ဩစတြေးလျအစိုးရသည် စစ်တပ်အာဏာသိမ်းပြီးနောက် ကျောင်းသားများအား ကူညီရန် စရိတ်စကများ ထုတ်ပေးထားပြီးဖြစ်သော်လည်း စစ်မှုထမ်းခြင်းအား ဆန့်ကျင် တွန်းအားပေးမှုဖြင့် နောက်ထပ် အရေးယူ ဆောင်ရွက်မှုများပြုလုပ်ရန် ပါမောက္ခ ချိစ်မန်းက တိုက်တွန်း ပြောကြားခဲ့သည်။

"သူတို့ အိမ်ပြန်ရောက်ရင် စစ်တပ်ထဲ၀င်ဖို့ အတင်းအကြပ် ဖိအားပေးခံရနိုင်တယ်" (သြစတြေးလျအမျိုးသားတက္ကသိုလ်-မြန်မာသုတေသနစင်တာ)မှ ပါမောက္ခ ချိစ်မန်း ကပြောသည်။

"သြစတြေးလျအစိုးရဟာ ကျောင်းသားများရဲ့ အကျိုးစီးပွားနဲ့ သြစတြေးလျနိုင်ငံရဲ့ အကျိုးစီးပွား အတွက်အသင့်လျော်ဆုံး၊ ထိရောက်ပြီး စာနာတဲ့ ချဉ်းကပ်မှုကို ဆောင်ရွက်ရန် ၂၀၂၄ ခုနှစ်အတွင်းမှာ အမှန်တကယ် ဖြစ်နိုင်ပါတယ်ဆိုတာ ကျွန်ုပ်တို့ ယုံကြည်ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးကတည်းကပြည်တွင်းစစ်များဖြစ်ပွားလျက်ရှိရာ ယခုနှစ်တွင် စစ်တပ်မှ စစ်မှုထမ်းရန် စတင်ဆောင်ရွက်ခဲ့သည်။

"ဒီလုပ်ရပ်က လူတွေက ဒေါသထွက်ပြီး စိုးရိမ်ပြီး မျှော်လင့်ချက်မဲ့နေကြတယ်” ဟု မြန်မာ နိုင်ငံတကာ ကျောင်းသူ ဧဒင်(အမည်လွှဲ) က ABC သို့ ပြောကြားခဲ့သည်။

"စစ်တပ်ထဲကို အတင်းအဓမ္မ စုဆောင်းခံရခြင်းနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်တဲ့ အစိုးရရဲ့ အန္တရာယ်ဟာ ကျွန်မရဲ့ ပုဂ္ဂိုလ်ရေးလုံခြုံမှုနဲ့ ကျင့်ဝတ်ဆိုင်ရာ ယုံကြည်ချက်နဲ့ ဆန့်ကျင်ပါတယ်” ဟု သူမက ပြောကြားခဲ့သည်။

သူမသည်သြစတြေးလျ ပညာသင်ဆု အစီအစဉ်တွင် ပါဝင်သည့် မြန်မာနိုင်ငံသား ၁၃၉ ဦးအနက်မှ တစ်ဦးဖြစ် သည်။

ပညာသင်ဆုသည် ကျူရှင်ခ၊ လေယာဉ်ခနှင့် နေထိုင်စရိတ်အချို့ကို ထောက်ပံ့ပေးသော်လည်း၊ လျှောက်ထားသူအားလုံးသည် ၎င်းတို့၏ဇာတိနိုင်ငံကို အကျိုးပြုရန်အတွက် ဘွဲ့ရပြီးနောက် အနည်းဆုံး ၂ နှစ်ကြာ သြစတြေးလျမှ ထွက်ခွာရမည်ဖြစ်သည်။

သြစတြေးလျပညာသင် ဆုအစီအစဉ်မှ ပံ့ပိုးပေးထားသော ကျွမ်းကျင်မှုများကို မည်ကဲ့သို့ အသုံးချ နိုင်သနည်း ဟူသော မေးခွန်းများကို နိုင်ငံခြားရေးနှင့်ကုန်သွယ်ရေး ဦးစီးဌာနDFATမှ တိုက်ရိုက် ဖြေကြားခြင်း မရှိပေ။

DFAT သည် ယခုကဲ့သို့ ခက်ခဲသောအချိန်ကာလတွင် သြစတြေးလျပညာသင် ဆု Australian Awards ကို ပညာရှင်များအား သင့်လျော်သော ပံ့ပိုးကူညီမှုများ ပေးအပ်နိုင်စေရန်အတွက် ပြည်ထဲရေးဌာနနှင့် တက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

စစ်မှုထမ်းရန် ခြိမ်းခြောက်မှုဒဏ်ကြောင့် မိသားစုတိုင်း စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုအောက်တွင် ခံစားနေကြရကြောင်းမြန်မာနိုင်ငံသို့ မပြန်ပါက ၎င်း၏မိဘများကို စစ်တပ်က ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ထားကြောင်း ကျောင်းသားတစ်ဦးမှ ပြောကြားခဲ့ကြောင်း ဒေါက်တာထွန်းရွှေက ပြောကြားသည်။

" သူတို့(စစ်တပ်)က ကျောင်းသားတွေတင်မကဘဲ သူတို့ရဲ့ မိသားစုဝင်တွေကိုပါ ဖိအားတွေပေးတယ်။ ဒါကြောင့် ဒါဟာ သိသာထင်ရှားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုပါပဲ” ဟု ဒေါက်တာ ထွန်းအောင်ရွှေက ဆိုသည်။

ဒေါက်တာ ထွန်းအောင်ရွှေသည်NUG အစိုးရကို ကိုယ်စားပြုသူဖြစ်ပြီး နိုင်ငံတကာ လှုပ်ရှားမှုများ တိုးမြင့်လာစေရန် ကင်ဘာရာတွင် “ Shadow Embassy ” ကို ထူထောင်ထားသည်။

ဩစတြေးလျသည် စစ်တပ်ပိုင်ကုမ္ပဏီများ၊ ဘဏ်များကို ပစ်မှတ်ထားကာ ပိတ်ဆို့အရေးယူမှုများ ဆက်တိုက်ပြုလုပ်ခဲ့ပြီး ၂၀၂၂ခုနှစ် တွင် မြန်မာနိုင်ငံသားများအတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဗီဇာများကို ဦးစားပေးဆောင်ခဲ့ရွက်ပေးခဲ့ သည်။

သြစတြေးလျသည် မြန်မာနိုင်ငံတွင် ပိုမိုဆိုးရွားလာသော နိုင်ငံရေး၊ လုံခြုံရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အခြေအနေများနှင့် စစ်မှုထမ်းခြင်းဆိုင်ရာ ကြေငြာချက်တွင် သြစတြေးလျက အလွန်စိုးရိမ်ကြောင်း ပြောကြားခဲ့ပါသည်။

"ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အပါအဝင် မြန်မာနိုင်ငံက ပြည်သူတွေအတွက် ပြတ်ပြတ်သားသား ပံ့ပိုးကူညီမှုတွေ ရှိနေပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

သို့သော် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကဲ့သို့သော ထောက်ခံသူများသည် စစ်တပ်၏ ချိုးဖောက်မှုများကို တားဆီးရန် သြစတြေးလျ အစိုးရအနေဖြင့် မြန်မာစစ်အစိုးရအား နောက်ထပ် အရေးယူမှုများဆောင်ရွက်ရန် ပိုမိုလုပ်ဆောင်လိုနေ ကြ ပြီး သြစတြေးလျ အစိုးရကို ပိုမို ဖိအားပေးလျက်ရှိနေသည်။ Source and Photo /ABC News

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!