သဉ္ဇာနွယ်၊ အောင်ကြွယ်ငြိမ်း
နိရဉ္စရာ၊မေ၈/၂၀၂၄
ရခိုင်ပြည်တွင် အကြမ်းဖက် စစ်ကောင်စီက ထောင်ထားသည့် မြေမြုပ်မိုင်း အန္တရာယ်မှာ တစ်နေ့ထက် တစ်နေ့ကြီးထွားလာနေပြီး ၂ ရက်အတွင်း မိုင်းပေါက်ကွဲ၍ ကျောက်ဖြူ၊ အမ်းနှင့် တောင်ကုတ် မြို့နယ်တို့တွင် ဆယ်ကျော်သက်အရွယ် လူငယ်တစ်ဦးအပါအဝင် အမျိုးသား ၂ဦးနှင့် အမျိုးသမီး တစ်ဦးတို့ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြသည်။
ယမန်နေ့ မေလ ရရက် နံနက်၈နာရီခွဲအချိန်ခန့်ကဦးထွန်းနိုင် (၄၅) နှစ်သည် ဝါးခုတ်သွားရာမှကျောက်ဖြူတောင်ဘုရားကုန်း၊တောလမ်းတွင် စစ်ကောင်စီတပ်မှ ထောင်ထားသည့်မိုင်းကိုနင်းမိပြီးဘယ်ခြေထောက်ဒူးအောက်မှပြတ်ထွက်သွာခဲ့သည်ဟုသိ၇သည်။
"သူကတစ်ယောက်တည်း ဝါးခုတ်သွားတာ။စစ်တပ်ကထောင်ထားတဲ့မိုင်းကိုနင်းမိပြီးတော့ ဘယ်ခြေထောက် တစ်ဖက်ပြတ်ထွက်သွားတယ်။ခန္ဓာကိုယ်အနှံ့မှာလည်းဒဏ်ရာတွေ၇သွားတယ်"ဟု ဒေသခံတစ်ဦးကပြောသည်။
လက်ရှိတွင်အဆိုပါဦးထွန်းနိုင်မှာအရေးပေါ်ဆေးကုသမှုခံယူနေရသည်ဟုလည်းသိ၇သည်။
မေလ၆ရက် နံနက်၈နာရီအချိန်ခန့်ကလည်းတောင်ကုတ်မြို့၊ကံပိုင်ရပ်ကွက်၊ အောင်သပြေ လမ်းမှအသက်(၄၈)နှစ်အရွယ်ဒေါ်ခင်သန်းလှိုင်မှာ တောင်ကုတ်မြို့ သွေးလှူရှင်များ အသင်းရုံး ရှေ့တွင်ရှိသည့်စစ်တပ်နှင့်ကပ်လျက်ရှိသည့် သင်္ချိုင်းတောင်ဟောင်းပေါ်သို့ ၄င်း၏မိသားစုဝင် နှစ်ဦးနှင့်အတူကတက်ရိုး(သင်္ဘောညွန့်) ရှာဖွေနေစဉ် မိုင်းနင်းမိ၍ဘယ်ဘက် ခြေထောက် တစ်ဖက်ပြတ်သွားခဲ့သည်။
မေလ ၆ရက်နေ့ ညနေ ၅ နာရီ အချိန်ခန့်က စစ်ကောင်စီ ထောင်ထားသည့် မိုင်းကိုနင်းမိ၍ သီဟိုဠ်စေ့သွားကောက်သည့် ဆယ်ကျော်သက်အရွယ် ချင်းလူမျိုးကျောင်းသားတစ်ဦး ဘယ်ဖက် ခြေထောက်တစ်ဖြတ် ပြတ်ထွက်သွားသည်ဟု ကျားမောင်းကျေးရွာဒေသခံတစ်ဦးက နိရဉ္စရာ သတင်းဌာနကိုပြောသည်။
မိုင်းနင်းမိသူမှာ ကျားမောင်းကျေးရွာမှ ဦးကျာန(ခ)ဦးကျော်ဝင်း၏ သားဖြစ်သူ မောင်လရောင်မင်း အသက်(၁၅)နှစ်ဖြစ်သည်။
" ကိုယ့်သီဟိုဠ်ခြံက သီဟိုဠ်စေ့သွားကောက်တာမှာ မိုင်းနင်းမိတာပါ။ ချင်းလူမျိုး သူက ၉ တန်းလောက် ရှိမယ်ထင်တယ်။ ကျားမောင်းရွာနဲ့ ၁ဖာလုံခွဲလောက်ဝေးတဲ့နေရာမှာ ရေနံပိုက်လိုက်ရှိတယ်။ ရေနံပိုက်လိုက်ကို အပေါ်ကနေ လမ်းဖောက်ထားတဲ့ ရွာသားတွေသွားလာနေတဲ့ နေရာတွေမှာ ရန်သူတွေလာမှာစိုးလို့ဆိုပြီးအဲ့လိုပုံစံမျိုး ထောင်ထားတာ။ ရေနံပိုက်လိုင်းရှိတဲ့ ရွာတွေနဲ့နီးစပ်တဲ့ နေရာတော်တော်များများမှာ မိုင်းထောင်ထားကြတယ်လို့ သိ၇တယ်" ဟု ပြောသည်။
ဧပြီ ၃၀ ရက်နေ့ နံနက် ၆ နာရီခန့်ကလည်း အမ်းမြို့နယ်၊ ငလက်ကျ ကျေးရွာတွင် သီဟိုဠ်ခြံသို့ သီဟိုဠ်သီး သွားခူးရာမှ မိုင်းနင်းမိ၍ အသက် (၇၅)နှစ်အရွယ် ဦးမောင်အေးမှာ ခြေထောက်တစ်ဖက် ပြတ်ထွက်သွားသည်ဟု ဒေသခံများက ပြောသည်။
ရခိုင်တွင်မိုင်းနှင့်အသက်အန္တရာယ်ထိခိုက်စေသော စစ်လက်နက် ပစ္စည်းများကြောင့်ငါးရှာဟင်းခူး၊ဝါးခုတ်သွားသည့်ဒေသခံများမှာ နေ့စဥ်ရက်ဆက်ဆိုသလိုမြို့နယ်အသီးသီးတွင်မိုင်းနင်းမိခြင်း ဆက်တိုင်းဖြစ်ပွားနေ၍မိုင်းအသိပညာပေးများပြုလုပ်ရန်အရေးတကြီး လိုအပ်နေကြောင်း သိ၇သည်။
ပုံ -မိုင်းနင်းမိသူအမျိုးသား