Preview

ကျောက်ဖြူတွင် စစ်ကောင်စီနေဗီမှပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်၍ ကျောင်းသားတစ်ဦး ပွဲချင်းပြီး သေဆုံး

မေ ၀၈/ ၂၀၂၄ | ကြည့်ရှုသူ :1714
ရခိုင် သတင်း

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ မေ ၈/ ၂၀၂၄

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနေဗီမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ထိမှန်၍ ကျောင်းသားတစ်ဦး ပွဲချင်းပြီးသေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ ကျောက်ဖြူမြို့နယ်၊ မြို့ချောင်းတိုက်နယ် ဂန့်ဂါကျွန်းအုပ်စု အနောက်ရွာမှ ဦး မောင်ဆန်းဝင်းနှင့် ဒေါ်လှရီဝင်း၏သားဖြစ်သူ  (၉)တန်း ဖြေဆိုထားသည့် မောင်ဆန်းမင်းဖြိုး အသက် (၁၉)နှစ်ဖြစ်သည်။

သေဆုံးသွားသည့် မောင်ဆန်းမင်းဖြိုးသည် ယနေ့ မေ လ ၈ ရက်နေ့ နေ့လယ် ၁၂နာရီကျော်ခန့်က အနောက်ရွာ၏ ဘုန်းတော်ကြီးကျောင်းတွင်ရှိနေစဉ် တောင်မော်ကြီး ရေ တပ်စခန်း၊ ဖရုံသီးကျွန်းအနီးတွင် ကျောက်ချရပ်နားထားသည့် နေဗီပေါ်မှ လက်နက်ကြီးကျည်များပစ်ခတ်ခဲ့၍ ခါးတွင်ကျည်စထိမှန် သေဆုံးသွားခဲ့သည်ဟု ထုံးစေ့ကေကျေးရွာသား တစ်ဦးက နိရဉ္စရာ သတင်းဌာနကို ပြောသည်။

" သူက ဘုန်းကြီးကျောင်းသားမဟုတ်ပါဘူး။ဒါပေမယ့် သူအားတဲ့အချိန်တိုင်း ဘုန်းကြီးကျောင်းမှာ လာကူညီပေးတဲ့ကလေးပါ။ ၉ တန်းလည်းဖြေထားတယ်။ လက်နက်ကျည်က ဘုန်းကြီးကျောင်းဆွမ်းစားဆောင်ရဲ့ ခေါင်မိုးကိုဖောက်ပြီး အထဲမှာထိုင်နေတဲ့ အဲ့ဒီလူငယ်လေးဆီကို ကျည်စ ခါးကနေဖောက်ဝင်သွားပြီး ပွဲချင်းပြီး သေသွားပါတယ် " ဟုပြောသည်။

စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည်သည် ဂန့်ဂါကျွန်းအုပ်စု ၏ အနောက်ရွာအလယ်တွင်တစ်လုံး၊ ထုံးစေ့ကေ့ ကျေးရွာတွင် တစ်လုံးကျရောက်ခဲ့ပြီး မပေါက်ကွဲဘဲကျန်ရှိခဲ့သဖြင့် ထိခိုက်မှုနည်းပါးခဲ့သည်ဟု ၎င်းရွာသားကပြောသည်။

" ဂန့်ဂါကျွန်းဖက်ကို လက်နက်ကြီးကျည် သုံးလုံးပစ်ခဲ့တာ။ နှစ်လုံးကမပေါက်ခဲ့လို့ အထိအခိုက်သိပ်မရှိခဲ့ဘူး။ ပေါက်ခဲ့ရင်တော့ အထိအခိုက်များနိုင်ပါတယ်။ ဘာတိုက်ပွဲမှ မဖြစ်ဘဲ ပြည်သူတွေအေးအေးချမ်းချမ်းနေနေတာကို တမင်လာပစ်နေတာ " ဟုပြောသည်။

ဂန့်ဂါကျွန်းအုပ်စုတွင် တောင်မော်ကြီးရေတပ်စခန်းမှ စစ်ကောင်စီတပ်သားများ သွားလာလှုပ်ရှားမှုပြုလုပ်နေသဖြင့် စိုးရိမ်နေရကြောင်း ဒေသခံများက ပြောသည်။

ယနေ့ နံနက်ပိုင်းကလည်း ကျောက်ဖြူခရိုင်၊ စနဲမြို့ဈေးတန်းထဲကို အကြမ်းဖက် စစ်ကောင်စီက ဒရုန်းနှင့် ဗုံးကြဲချခဲ့သည့် အတွက် အမျိုးသမီး တစ်ဦးသေဆုံးပြီး ခုနှစ်ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့ကြောင်း သိ၇သည်။ 

#ကျောက်ဖြူ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.