တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

မွတ်ဆလင်အကြမ်းဖက်အဖွဲအစည်းများက အေအေနှင့် ပူးပေါင်းဆောင်ရွက်နေသယောင် လိမ်လည်ကာ လူသစ်စုဆောင်းနေမှုအပေါ် AA ကန့်ကွက်ရှုတ်ချ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 2.6k

အေးမြတ်ခိုင်၊နိရဥ္စရာ၊မေလ/၂၀၂၄

မွတ်ဆလင်အကြမ်းဖက်အဖွဲအစည်းများဖြစ်သည့် ARSA. ARA, RSO စသည့် အဖွဲ့အစည်းများသည် အာရက္ခတပ်တော်နှင့် ပူးပေါင်းဆောင်ရွက်နေသယောင်၊ တိုက်ပွဲများအတူတကွတိုက်နေသယောင် လိမ်လည်လှည့်ဖြားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်းရှိဒုက္ခသည်စခန်းများမှ မူဆလင်လူငယ်များအား စည်းရုံးကာ စစ်ကောင်စီအတွက် လူသစ် စုဆောင်းပေးနေကြောင်း အာရက္ခတပ်တော် (AA) ပြောခွင့်ရဦးခိုင်သုခ၏ တယ်လီဂရမ် ချန်နယ်မှ မေလ တွင် ထုတ်ပြန်ပြောဆိုသည်။

လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခင်းအကျင်း အပေါ်ခုတုံးလုပ်ကာ  မွတ်ဆလင်လူငယ်များ (အထူးသဖြင့်) အရွယ်မရောက်သေးသည့်လူငယ်များအား စစ်ကောင်စီ နှင့် မွတ်ဆလင် အကြမ်းဖက်အဖွဲအစည်းများက သူတို့၏ အကျိုးစီးပွားအတွက် လိမ်လည်လှည့်ဖြား၍ လူသစ်စုဆောင်းနေခြင်းဖြစ်ကြောင်းဖော်ပြထားသည်။

ယခုကဲ့သို့လုပ်ရပ်များသည် လွန်စွာယုတ်မာအောက်တန်းကျသည့် လုပ်ရပ်ဖြစ်သည့်အတွက် ULA/AA အနေဖြင့် ယခုလုပ်ရပ်များကို ပြုလုပ်နေသောသူများ၊ အဖွဲအစည်းများအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်ဟု ဆိုသည်။

ထို့အပြင် ULA/AA အနေဖြင့် အကြမ်းဖက်လုပ်ရပ်မှန်သမျှကို ဆန့်ကျင်ပြီး မည်သည့် အကြမ်းဖက်အဖွဲအစည်းနှင့် မည်သည့်အခါတွင်မျှ ဆက်စပ်ပတ်သက်မှု၊ပူးပေါင်း ဆောင်ရွက်မှု လုံးဝမရှိကြောင်း အသိပေးထားသည်။

ရခိုင်ပြည် မြို့သိမ်းတိုက်ပွဲများအတွင်း အထိနာနေသော စစ်ကောင်စီသည် ဘူးသီးတောင်၊ မောင်တော ဒေသတွင် ရခိုင်နှင့် မွတ်ဆလင် အကြား လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများကို မွတ်ဆလင် အကြမ်းဖက်အဖွဲ့အစည်းများဖြင့် ပူးပေါင်းကာ ဖန်တီးလျက်ရှိကြောင်း ဒေသခံများက ပြောကြားသည်။

ဆက်စပ် သတင်းများ