တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

သံတွဲ၊ ရွှေလှေတိုက်နယ်မှ စစ်ဘေးရှောင် ၅၀၀ကျော် စားဝတ်နေရေးအခက်ခဲဖြစ်နေပြီး အကူညီ လိုအပ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 519

သဉ္ဇာနွယ်

နိရဉ္စရာ၊ မေ ၉/ ၂၀၂၄

ရခိုင်ပြည်၊သံတွဲမြို့နယ်၊ ရွှေလှေတိုက်နယ်မှ စစ်ဘေးရှောင်များ စားဝတ်နေရေးအခက်အခဲဖြစ်၍အကူအညီလိုအပ်နေကြောင်း သတင်းရရှိသည်။

သံတွဲမြို့နယ်၊ ရွှေလှေတိုက်နယ်၊ မကျည်းချောင်းကျေးရွာနှင့် ရွှေလှေကျေးရွာ ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင် ၅၀၀ ကျော် စားဝတ်နေရေး အခက်ခဲဖြစ်နေ၍ အကူညီများ လိုအပ်နေသည်ဟု စစ်ဘေးရှောင်အရေး ကူညီပေးသည့် အမျိုးသမီးတစ်ဦးက နိရဉ္စရာ သတင်းဌာန ကို ပြောသည်။

“ အခုအခြေအနေက ဟိုရွာက ဆန်တစ်ပြည် နှစ်ပြည်။ ဒီရွာက ဆန်တစ်ပြည် နှစ်ပြည် အလှူခံပြီးကျွေးနေကြရတာပေါ့။ အခုဆိုရင် စစ်ရှောင်တွေက မကျည်းချောင်ဘုန်းကြီးကျောင်းမှာဆိုရင် အစက ၂၀၀ကျော်လောက်ပဲ ရှိတယ်။ အခု ထပ်တိုးလာတာတွေ ၃၀၀ ကျော်မယ်ထင်တယ်။ ပြီးတော့ ရွှေလှေဘုန်းကြီးကျောင်းမှာ ၂၀၀ လောက်ရှိတယ်။ဒီလူတွေကို ကြာရှည်ကျွေးဖို့အတွက် ကျမတို့အတွက် ခက်ခဲနေပါတယ်။ လှူတဲ့သူတွေလည်း နည်းနေတယ်” ဟုပြောသည်။

စစ်ဘေးရှောင်နေရသူများမှာ တစ်လနီးပါးခန့်ကြာမြင့်ပြီဖြစ်ပြီး စားဝတ်နေရေးအပြင် တိုက်ပွဲဆက်ရှိနေသေးသည့်အတွက်  အိမ်ပြန်၍ မရနိုင်သေးဘဲ အခက်ခဲများစွာဖြင့် ရင်ဆိုင်နေကြရသည်ဟု မကျည်းချောင်းမှ စစ်ရှောင်အမျိုးသမီးတစ်ဦးက နိရဉ္စရာ သတင်းဌာနကိုပြောသည်။

“ တချို့စစ်ရှောင်နေတဲ့သူတွေ စားဝတ်နေရေးကျပ်တည်းလာတဲ့အတွက် အိမ်မှာကျန်ခဲ့တဲ့ ဆန်တွေသွားယူတာမျိုးရှိတယ်။ အဲ့လိုမျိုး သွားတော့လည်း ရွှေလှေတံတားမှာစောင့်နေတဲ့ စစ်ကောင်စီတပ်တွေက တားတယ် မသွားရဘူး။ တချို့ရွာ ကို တခြားလမ်းကသွားပြီး ခဏ ဝင်ကြည့်တဲ့အခါ ရွာက ပစ္စည်းတွေ နွားတွေပျောက်တယ်။ ဆန်တွေ ပျောက်တာတို့ရှိတယ် ။စစ်တပ်ကယူတာ”ဟုပြောသည်။

သံတွဲတွင် မြို့ပေါ်စစ်ဘေးရှောင်စခန်းနှင့် ရွှေလှေတိုက်နယ်မှ စစ်ဘေးရှောင်စခန်းနှစ်ခုတွင် စုစုပေါင်းလူဉီးရေ ၈၀၀ နီးပါးခန့်ရှိသည်ဟု ဒေသခံများကပြောသည်။

မြို့ပေါ်ရပ်ကွက် ဗောဓိကုန်း ဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်းတွင် သူဌေးရေအားလျှပ်စစ်စီမံကိန်းမှ အလုပ်သမားများနှင့် မိသားစုများရှိပြီး၊ ရွှေလှေနှင့် မကျည်းချောင် စစ်ဘေးရှောင်စခန်းတွင် ဒေါ်မြ၊ ပုရစ်၊ ရေကောက်၊ ကျောင်းကုန်း၊ရွှေလှေကျေးရွာများမှ စစ်ဘေးရှောင်များ ခိုလှုံနေထိုင်ကြကြောင်း သိရသည်။ 

(ဓါတ်ပုံ- တေဇိန္ဒ )

ဆက်စပ် သတင်းများ