တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ဘူးသီးတောင်မြို့ရှိ လက်ကျန် စစ်ကောင်စီတပ်ရင်းများကို AA ထိုးစစ်ဆင်တိုက်ခိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 1.2k

(စစ်ကောင်စီက အခြေအနေမဟန်၍ ဂျက် ၂ စီးဖြင့်ဗုံးလာကြဲ)

 နောင်မင်းသူ၊ နိရဉ္စရာ၊ မေ ၉ ရက်/၂၀၂၄

 

တိုက်ပွဲပြင်းထန်နေသည့် ဘူးသီးတောင်မြို့မှ လက်ကျန်စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့များအား မေလ ၉ ရက် နံနက်တွင် အာရက္ခတပ်တော်(AA)မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ယနေ့ ညနေ ၄ နာရီ အချိန်တွင်  ဂျက်တိုက်လေယာဉ်  ၂ စီးဖြင့် စစ်ကောင်စီက လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဘူးသီးတောင် ဒေသခံများက ပြောသည်။

 

ဒေသခံတစ်ဦးက " ဒီနေ့မနက်မှာ ဘူးသီးတောင်မြို့ အဝင်ဖက်က စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့တွေကို AA က ဒရုန်းတွေအပြင် မြေပြင်ကပါ ထိုးစစ်ဆင်တိုက်ခိုက်လာတယ်။ အခြေအနေ မဟန်တော့ စစ်ကောင်စီက ညနေပိုင်းမှာ  ဂျက်တိုက်လေယာဥ် ၂ စီးနဲ့ ဗုံးလာချတယ်"ဟု ပြောကြားသည်။

 

ဘူးသီးတောင်မြို့၌ စစ်ကောင်စီ တပ်ရင်း ၁၀ ကျော်အထိ အထိုင်ချထားပြီ ရခိုင်ဒေသတွင် တပ်အင်အား အများဆုံးချထားသော မြို့တစ်ခုလည်းဖြစ်သည်။

 

ဘူးသီးတောင်အခြေစိုက်စစ်ဆင်ရေးကွပ်ကဲမှုးဌာနချုပ် စကခ(၁၅) အပါအဝင် ခမရ ၅၅၁၊ ၅၅၂၊ ၅၆၄ နှင့်  ၅၆၅ တပ်ရင်းတို့အား အာရက္ခတပ်တော်(AA)မှ အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း မေလ ၆ ရက်နေ့တွင် ရုပ်သံနှင့် တကွ သတင်းထုတ်ပြန်ပြီးနောက် ကျန်တပ်ရင်းများကို အာရက္ခတပ်တော်က ထပ်မံ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

 

လက်ရှိ ဘူးသီးတောင်တွင် ခြေမြန် တပ်ရင်း (ခမရ) ၃၄၅၊ ၃၅၂၊ ၃၅၃၊ ၅၃၅ တပ်ရင်းများနှင့် ခြေလျင် တပ်ရင်း(ခလရ) ၂၃၃၊ ၂၃၄၊ ၂၆၃ တို့အပြင် အမြောက်တပ်ရင်း (အမတ) ၃၇၈ တို့ ကျန်ရှိနေသေးသည်ဟု သိရသည်။

 

စစ်ကောင်စီသည် ဘူးသီတောင်မြို့ကိုသာမက အေအေသိမ်းပိုက်ထားသည့် မောင်တောမြို့နယ်က နေရာအချို့ကိုလည်း ယနေ့တွင် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

 

​မောင်တော ဒေသခံတစ်ဦးက "ဒီနေဗုံးလာချတဲ့ ဂျက်တိုက်လေယာဥ် ၂ စီးက ဘူးသီးတောင် ဖက်ကိုလည်း ချတယ်။ မောင်တော-ဘူးသီးတောင်ကားလမ်းပေါ်က အေအေ သိမ်းထားတဲ့ ၆ မိုင်စခန်း နဲ့ မိုက်ကရိုစခန်းတွေကိုလည်း ဗုံးလာ ချတယ်လို့သိရတယ်။ မောင်တောဖက်က ဂျက်ပျံတာနဲ့ ဗုံးချသံတွေမြို့ပေါ်က တောင်ကြားရတယ်"ဟု ပြောဆိုသည်။

 

မောင်တော-ဘူးတောင် ၁၆ မိုင်လမ်းရှိ ၈ မိုင် တောင်ခေါင်းကြီး(ခ)လှိုင်ဂူကြီး အနီးရှိ တာဝါတိုင် စခန်းကုန်းနှင့် မောင်တော (၆) မိုင်စခန်းကုန်း များအား အာရက္ခတပ်တော်မှ အပြီးသတ် သိမ်းပိုက်ထားသည်။

 

ပုံစာ- မောင်တော-ဘူးတောင်လမ်း၌ စစ်ကောင်စီ နှင့် AA တို့တိုက်ပွဲအတွင်း မိုင်းထိမှန်ထားသည့် ကားတစ်စီးအား တွေ့ရစဥ်။

ဆက်စပ် သတင်းများ