Preview

ဈေးသွားဝယ်ပြီး အပြန် စစ်ကောင်စီစစ်ကြောင်းကို AA ကြားဖြတ်တိုက်ခိုက်၍ အကျအဆုံးများရှိ

မေ ၀၉/ ၂၀၂၄ | ကြည့်ရှုသူ :1249
ရခိုင် သတင်း

(စစ်ကောင်စီဗျူဟာမှ ပစ်ကူပေးသည့် လက်နက်ကြီးကျည် ကျပေါက်ကွဲ၍ စစ်သား ၅ဦးခန့်နှင့် ဒေသခံအမျိုးသားတစ်ဦး ဒဏ်ရာ၇)

ကံ့ကော်နီနီ၊ သဉ္ဇာနွယ်/နိရဉ္စရာ၊ မေ ၉/ ၂၀၂၄

သံတွဲမြို့နယ် လင်းသီတွင် တပ်စွဲစခန်ချထားသည့် စစ်သားတစ်ချို့သည်ယနေ့  မေ၉ ရက် ညနေ၃ နာရီခွဲခန့်ကဆူးပုတ်ကုန်းရွာသို့ဈေးသွားဝယ်ပြီးအပြန်ကွေ့ချောင်းတံတားအရောက်တွင်  အာရက္ခတပ်တော် ( AA)က ကြားဖြတ်ဝင်တိုက်၍  စစ်ကောင်စီတပ်နှင့် အပြန်အလှန်ဖြစ်ပွားခဲ့ကြသည်ဟု သံတွဲဒေသခံ အမျိုးသမီးတစ်ဦးက နိရဉ္စရာ သတင်းဌာနကိုပြောသည်။

" စစ်သားတွေက  ဈေးသွားဝယ်ပြီးပြန်အလာမှာ ကွေ့ချောင်းတံတာ အရောက်မှာ ဖြစ်ကြတာ။ ညနေ ၃ခွဲကနေ ၆ နာရီအထိ။ တိုက်ပွဲအတွင်းမှာ စကစဖက်က အကျတွေများတယ်လို့ကြားတယ်"ဟုပြောသည်။

၎င်းတိုက်ပွဲအတွင်း အကျအဆုံးများသဖြင့် စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့်ပစ်ကူပေးခဲ့ရာ လက်နက်ကြီး ကျည်များသည် လင်းသီကျေးရွာနှင့် စစ်သားများစခန်းချထားရာနေရာများတွင်ကျရောက် ပေါက်ကွဲ၍ ဒဏ်ရာရရှိခဲ့သည်ဟု ကြားသိရကြောင်း သူမက ပြောကြားသည်။  

“ လင်းသီမှာဟိုနေ့ကလည်း တိုက်ပွဲဖြစ်ခဲ့တာရှိတယ်။စစ်သားတွေက ရွာထဲမှာနေတာတွေရှိတယ်။ ငပလီက စစ်သားတွေ။ ဒီနေ့ လက်နက်ကြီးမကျခင်တိုက်ပွဲအရင်ဖြစ်တယ်။တိုက်ပွဲဖြစ်ပြီး ဘားတောင် စစ်တပ်က  လက်နက်ကြီးနဲ့ ပစ်တော့ လင်းသီမှာ ကျပြီး စစ်သား ၅ ဦး၊ အရပ်သား တစ်ဦးဒဏ်ရာ၇သွားတယ်” ဟု ပြောသည်။


၎င်းလက်နက်ကြီးကို သံတွဲမြို့နယ်၊ မြုံပြင်ဂိတ်အနီး  ဘားတောင်တောင်ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီ ဗျူဟာမှ အတွဲလိုက်ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသည့် စစ်သားများမှာရွှေလှေတိုက်နယ် လင်းသီကျေးရွာတွင် တပ်စွဲထားသည့် ငပလီတပ်ရင်း ခမ၇(၅၅)နှင့် ( ၅၅၆)မှ စစ်ကောင်စီ တပ်သားများဖြစ်သည်ဟု ဒေသခံများကပြောသည်။

လင်းသီကျေးရွာမှကျည်ထိမှန်ဒဏ်ရာရရှိသူမှာ ဦးငကျိ (၄၅) နှစ် ဝန်းကျင်ဖြစ်ပြီး ပေါင်တွင်ကျည် ရှပ်ထိကာ ဒဏ်ရာ၇ခြင်းဖြစ်ကြောင်းဒေသခံတစ်ဦးကပြောသည်။

" လင်းသီရွာကငကျိဆိုတဲ့သူမှာ ပေါင်ကိုကျည်ရှပ်ပြီး ထိသွားပါတယ်။တိုက်ပွဲက ဆယ်မိုင် လမ်းခွဲကနေ ရေအား လျှပ်စစ်တမံတွေဆီသွားတဲ့ လမ်းမှာဖြစ်ကြတာ။ လက်နက်ကြီးထိတဲ့ စစ်သား ၅ယောက်ကတော့ သေ/မသေ တော့မသိ၇ဘူး တိုက်ပွဲဖြစ်တော့အချင်းချင်းပစ်ကူပေးနေတာ။ အဲဒီမှာ လာထိတာ”ဟု ၎င်းကပြောသည်။

စစ်ကောင်စီတပ်သားများ အကျအဆုံးများပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိနေသည်ဟု ဒေသအတွင်း သတင်းများထွက်ပေါ်နေသော်လည်း နိရဉ္စရာအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။

အဆိုပါတိုက်ပွဲမှာညနေ ၅ နာရီ ၃၀ မိနစ်အထိ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး  နှစ်ဖက်လုံးမှ လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်သံများကြား၇သည်ဟုဒေသခံများက ပြောသည်။

တိုက်ပွဲအတွင်းပစ်ခတ်သည့်လက်နက်ကြီးကျည်စများမှာ လင်းသီကျေးရွာနှင့် ပေါက်တော ကျေးရွာများမှနေအိမ်များကိုထိမှန်ခဲ့သည်ဟု နောက်ထပ် ဒေသခံတစ်ဦးကပြောသည်။

" ရွှေလှေတံတားဦးနားမှာရှိတဲ့ လင်းသီရွာကအိမ်တွေကို ကျည်တွေလာထိတာရှိတယ်။ ပေါက်တော ကျေးရွာကအိမ်တစ်လုံးမှာလည်း ကျည်စကလေးတွေကျပြီး အိမ်ခေါင်မိုးတွေ ပေါက်သွားတယ်"ဟု ပြောသည်။

သံတွဲမြို့နယ်၊ဘားတောင်းတောင်ပေါ်တွင်တပ်စွဲထားသည့် ဗျူဟာကုန်းပေါ်မှပြီးခဲ့သည့် မေလ ၆ ရက်နေ့နေ့လယ် ၁နာရီကျော်ခန့်က တိုက်ပွဲဖြစ်ပွားလျက်ရှိသည့်ရွှေလှေတိုက်နယ်ဖက်သို့ လက်နက်ကြီး ကျည်များ၊အတွဲလိုက်ဒုံးကျည်များပစ်ခတ်နေစဥ် ကျည်တစ်လုံးသည် လက်နက်ကြီး ပစ်စင်မှ မထွက်ဘဲ ပေါက်ကွဲခဲ့သဖြင့်စစ်သား ၄၀ခန့် သေဆုံးသွားပြီး ရ ဦးခန့်ဒဏ်ရာရရှိသွားကြောင်းဒေသတွင်းသတင်းအရသိ၇သည်။ 

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.