တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ဘူးသီးတောင်မြို့တွင် ဒေသခံပြည်သူများ၏ နေအိမ် ၅၀၀၀ ခန့် မီးရှို့ဖျက်ဆီး ခံရမှုအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် လစ်လျူမရှုသင့်ဘဲ အမှန်တရားနှင့် တရားမျှတမှု ရရှိစေရေးအတွက် ဝိုင်းဝန်းကူညီပေးရန် တောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 1.6k

အေးမြတ်ခိုင်၊ နိရဉ္စရာ ၊ မေလ ၈/၂၀၂၄

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့တွင် မွတ်ဆလင်မဟုတ်သည့် ဒေသခံပြည်သူတို့၏ နေအိမ် ၅၀၀၀ ခန့် မီးရှို့ဖျက်ဆီးခံရမှုအပေါ်  နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် လစ်လျူ မရှုသင့်ဘဲ အမှန်တရားနှင့် တရားမျှတမှု ရရှိစေရေး ဝိုင်းဝန်းကူညီပေးရန် ဒေသခံပြည်သူများက တောင်းဆိုလိုက်သည်။

ဘူးသီးတောင်မြို့ပေါ်ရှိ လူနေအိမ်များ မီးရှို့ခံရမှုသည် လူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်ခံရခြင်း ဖြစ်၍  နိုင်ငံတကာအသိုင်းအဝိုင်းအနေနှင့် လစ်လျူမရှုသင့်ဘဲ အမှန်တရားနှင့် တရားမျှတမှု ရရှိစေရေး အတွက် ဝိုင်းဝန်းကူညီပေးရန် တောင်းဆိုပါကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးအောင်သောင်းရွှေက ပြောကြားသည်။

"ဒီအကြမ်းဖက်လုပ်ရပ်တွေနဲ့ပတ်သက်လို့ အကြမ်းဖက်တဲ့ လူတွေမှာ တာဝန်ရှိတာပေါ့။ အဓိက အကြမ်းဖက်ခံရတဲ့ ကျနော်တို့လို ဒေသခံတွေအနေနဲ့  လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့သဘောဖြစ်တယ်။ ဒါကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ကျနော်တို့ကို လစ်လျူရှုထားဖို့မသင့်ဘူး။ အမှန်တရားပေါ်ပေါက်ဖို့ ဝိုင်းဝန်းပြီးတော့မှ ကူညီပေးဖို့လိုတယ်။  လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့၊ အကြမ်းဖက် ခံနေရတဲ့လူတွေအတွက် မျှမျှတတဖြစ်အောင် ယူအန်အပါအဝင် ကမ္ဘာကြီးက ဝိုင်းဝန်း ဆောင်ရွက်ပေးဖို့ လိုတယ်။ ကျနော်တို့လည်း တရားမျှတမှုကို လိုလားပါတယ်"ဟု သူက ပြောသည်။

ဧပြီလအတွင်းက ဘူးသီးတောင်မြို့ပေါ်မှာ မွတ်ဆလင်မဟုတ်သည့် ရခိုင်အပါအဝင် ခမီ၊ သက်၊ ဒိုင်းနက်စသည့် ဒေသခံလူမျိုးများ၏  အိမ်ခြေ ၅၀၀၀ခန့် မီးရှို့ခံခဲ့ရပြီး ၎င်းမီးရှို့ခံရမှုနှင့် ပတ်သက်ပြီး အမှန်တရားနှင့် တရားမျှတမှုကို ရရှိရေးကို ဖုံးကွယ်ရန် ကြိုးစားပါက နောက်ထပ် အကြမ်းဖက်မှုကို ကျူးလွန်အောင် အားပေးရာရောက်မည်ဖြစ်သည်ဟု ဦးအောင်သောင်းရွှေက ဆက်လက် ပြောကြားသည်။


ထိုသို့ နေအိမ်မီးရှို့ခံရမှုများကြောင့် နှစ်ဖက်အသိုင်းအဝိုင်းကြား ပဋိပက္ခမဖြစ်ပွားစေ‌ရေးအတွက်  မီးရှို့ခံရသည့် ဒေသခံပြည်သူများကို ဒေါသစိတ်ဖြင့် မတုံ့ပြန်ကြရန် အာရက္ခတပ်တော် (AA)က သတိပေး တားမြစ်မှုများ ရှိနေ၍ အတတ်နိုင်ဆုံး ပဋိပက္ခမဖြစ်အောင် ရခိုင်လူမျိုးများမှ ထိန်းထိန်းသိမ်းသိမ်း နေထိုင်နေကြသည်ဟု  ၆ ရပ်ကွက်မှ နေအိမ်မီးရှို့ခံထားရသူ ဒေါ်မအေးချေက ပြောသည်။

"ကျမတို့အိမ်တွေ မီးရှို့ခံရတော့ ရင်နာမိတယ်။  ဒါပေမယ့် ဒေါသစိတ်တွေနဲ့ တခုခု မလုပ်မိအောင် ပြဿနာတွေ ထပ်မဖြစ်ကြအောင် ကိုယ့်တပ်တော်က သတိပေးတာတွေ ရှိပါတယ်။ အရင်ကလို ပဋိပက္ခတွေ ဖြစ်အောင် ဖန်တီးနေကြတာဖြစ်လို့ ကိုယ့်လူ‌တွေဘက်က မွတ်ဆလင်အိမ်က ခြံတိုင် တစ်ချောင်းကိုတောင် သွားမချိုးကြပါဘူး"ဟု ပြောသည်။

အဆိုပါ အကြမ်းဖက်လုပ်ရပ်ကို မွတ်ဆလင်အားလုံးက မထောက်ခံကြောင်း စိမ့်ညှင်းပြား ကျေးရွာမှ မွတ်ဆလင် ရွာလူကြီးတစ်ဦးက ပြောသည်။

"ကျနော်တို့ အားလုံး အခုလိုလုပ်ရပ်ကို အားပေးထောက်ခံနေတာမဟုတ်ပါဘူး။ ခွဲမြင်ဖို့လိုအပ်ပါတယ်။စစ်တပ်ထောက်ခံပြီး စစ်တပ်နဲ့ ပူးပေါင်းနေသူရှိသလို အေးအေးဆေးဆေးနေချင်သူတွေလည်းရှိတယ်။ ဒီလို အကြမ်းဖက် လုပ်ရပ်တွေနဲ့ ပတ်သက်လို့ ကျနော်တို့မှာလည်း အရင်လို ပြဿနာတွေ ပြန်ဖြစ်လာ မလားဆိုတဲ့ စိုးရိမ်စိတ်ရှိပါတယ်" ဟု ဆိုသည်။

ဧပြီလ ၁၄ ရက်မှစ၍ ဘူးသီးတောင်မြို့ပေါ်ရှိ  (မွတ်ဆလင်မဟုတ်‌သူ)များ၏ နေအိမ်များအားလုံး မီးရှို့ခံရမှုသည် စစ်တပ်၏ ဦးဆောင်မှုဖြင့် ARSA အကြမ်းဖက် အဖွဲ့ဝင်များ၊ စစ်သင်တန်းဆင်းပြီးစ လက်နက်ကိုင် မွတ်ဆလင်များက မီးရှို့ခဲ့ကြောင်း ဒေသခံများက ပြောသည်။ 

၂၀၁၈ ခုနှစ် လူဦးရေစာရင်းအရ ဘူးသီးတောင်မြို့ပေါ်တွင် အိမ်ခြေ ၃၀၀၀ ခန့်သာရှိသည်ကို တွေ့ရှိရသော်လည်း  ၂၀၁၉/၂၀၂၀ ခုနှစ် နောက်ပိုင်း တိုက်ပွဲကြောင့် စစ်ဘေးရှောင်လာသည့် နယ်ဒေသခံများ မြို့ပေါ်တွင်အခြေချမှု နှင့် တိုးပွားလူဦးရေအရ လက်ရှိ မြို့ပေါ် ၇ ရပ်ကွက်တွင် အိမ်ခြေ ၁၀၀၀၀ ကျော်ရှိပြီး မွတ်ဆလင် ၆၀ ရာခိုင်နှုန်း နှင့် ရခိုင်နှင့် တခြားတိုင်းရင်းသား ၄၀ ရာခိုင်နှုန်း ရှိကြောင်း ဘူးသီးတောင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း  ဦးအောင်သောင်းရွှေက ပြောသည်။

ဘူးသီးတောင်မြို့ပေါ်တွင် မီးရှို့ခံရသည့်နေ‌အိမ်ပေါင်း ၅၀၀၀ ခန့်ရှိသည်ကို အာရက္ခတပ်တော်(AA)ပြောခွင့်ရသူ ဦးခိုင်သုခကလည်း နိရဉ္စရာသတင်းဌာနကို အတည်ပြု ပြောဆိုသည်။

စစ်ရှုံးနေသည့် အကြမ်းဖက် စစ်ကောင်စီသည် မွတ်ဆလင်တချို့ကို လက်နက်တပ်ဆင်ပေးကာ ဒေသတွင်း မတည်ငြိမ်မှုများ၊ အကြမ်းဖက်မှုများ ဖန်တီးကာ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်း ဖြစ်အောင် ပုံစံအမျိုးမျိုးဖြင့် ဖန်တီးနေသည်ဟု အာရက္ခတပ်တော်(AA) ပြောခွင့်ရသူ ဦးခိုင်သုခက ပြောဆိုထားသည်။

စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အဆိုပါ ကိစ္စများနှင့်ပတ်သက်၍ ငြင်းဆိုထားသည်။

Data for Myanmar ၏ မေလ ၃ ရက်နေ့  ထုတ်ပြန်ချက်တွင် ဘူးသီးတောင်မြို့တွင် ဧပြီလအတွင်း စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများ မီးရှို့မှုကြောင့်အိမ်ခြေ ၁၅၀၀ ဆုံးရှုံးခဲ့ရသည်ဟု ဖော်ပြထားသည်။

အင်္ဂလိပ်လို အောက်ပါလင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်>>>>

https://www.narinjara.com/news/detail/663c26356a9049c89572f7e4


 

ဆက်စပ် သတင်းများ