တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

အမ်းမြို့သို့ စစ်ကူအင်အားဖြည့်ရန်လာသော စစ်ရေယာဉ် ၃ စီး AA ပိတ်ဆို့ထားမှုကြောင့် ကမ်းမကပ်နိုင်ဘဲ နောက်ဆုတ်သွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 9.2k

သဉ္စာနွယ်/ နိရဥ္စရာ၊ မေ ၁၀/ ၂၀၂၄

ရခိုင်ပြည်၊ အမ်းမြို့သို စစ်ကူအင်အားပို့ဆောင်ရန်လာသော စစ်ကောင်စီ  စစ်နေဗီတစ်စီးနှင့် ဇက်ရေယာဉ် နှစ်စီးသည် အာရက္ခတပ်တော် (AA) မှ ပိတ်ဆို့ထားသဖြင့် ကမ်းမကပ်နိုင်ဘဲ လှည့်ပြန်သွားခဲ့ကြသည်ဟု သတင်းရရှိသည်။

“သူတို့က စစ်သားတွေကို တင်ပြီး အင်အားဖြည့်ဖို့လာတာ။ သူတို့က ကမ်းကပ်ဖို့ ကြိုးစားပေမယ့် ကမ်းကပ်ရင် တိုက်ခိုက်ခံရတာနိုင်မို့ ကမ်းမကပ်ဘဲ ပြန်ဆုတ်သွားတယ်။ ဇက်ရေယာဉ်ပေါ်မှာ စစ်သားတွေပါလာတော့ အမ်းကို အင်အားဖြည့်ဖို့ လာပုံရတယ်”ဟု ဒေသအတွင်းက တပ်တော်နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

၎င်းစစ်ရေယာဉ်များသည်  ကျောက်ဖြူမြို့ တောင်မော်ကြီး ရေတပ်စခန်းဖက်မှ မြစ်ကြောင်းအတိုင်း တက်လာခြင်းဖြစ်ကြောင်း၊ သံဇစ်မြစ်အတွင်းတွင် ရောက်ရှိနေသည်မှာ ၂ ရက်ခန့်ရှိနေပြီး အမ်းမြို့သို့ အင်အားဖြည့်ရန်အတွက် လာရောက်ခြင်း ဖြစ်နိုင်ကြောင်း  ကျောက်ဖြူဒေသခံတစ်ဦးကလည်း  နိရဥ္စရာ သတင်းဌာန ကိုပြောသည်။

“ အဲ့ဒီ ဇက်နှစ်စီးနဲ့ တိုက်ခိုက်ရေး စစ်နေဗီတစ်စီးက တောင်မော်ကြီးရေတပ်စခန်းဖက်ကနေတက်လာတာ သံဇစ်မြစ်အတွင်းမှာပါ။ အဲ့ဒီဇက်ရေယာဉ်တွေကတော့ အခုလက်ရှိ အထက်မဒေးကျွန်း( ပိုက်ဆိပ်)နားမှာ ကျောက်ချထားတယ်။ နေဗီတစ်စီးနဲ့ ဇက်တစ်စီးကတော့ မှိုဟင်းတော ကာရီနားမှာ လက်ရှိ ကျောက်ချထားတယ်။ လက်နက်အင်အား လူအင်အားပါပါတယ်။ ကျောက်ဖြူကနေ အမ်းကို အင်အားဖြည့်တာလို့မြင်တယ်။ လက်တွေ့မှာ မလွယ်ကူတော့ ပြန်ဆုတ်လာပုံရတယ် ”ဟုပြောသည်။

အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းအား အာရက္ခတပ်တော်က လေးဘက်လေးတန်က ပိတ်ဆို့ ၀ိုင်းရံထားသဖြင့် စစ်ကူနှင့် ရိက္ခာများကို ကုန်လမ်းက ပို့ဆောင်၍ မရတော့ရာမှ  ရေလမ်းမှ ပို့ဆောင်ရန် ကြိုးစားခြင်းဖြစ်သည်ဟု ဆိုသည်။

သို့သော် ရေလမ်းက ပို့လျှင်လည်း မြစ်ချောင်းများ ကျဉ်းသဖြင့် အေအေက တိုက်ခိုက်လာလျှင် ထိခိုက်နိုင်သဖြင့် ကမ်းမကပ်ဘဲ ပြန်ဆုတ်ခွာသွားခြင်း ဖြစ်ပုံရသည်ဟု ၎င်းက ပြောဆိုသည်။

စစ်ကောင်စီ၏ ဇက်ရေယာဥ်များနှင့် စစ်နေဗီများသည် လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများ ရှိနေသဖြင့် ဟွန်ဒါစက်လှေများ၊ ပုစွန်ကန်လုပ်နေသူ၊ ပုစွန်ဒိုင်လုပ်နေသူ၊ စပါးကာရီတွင် အလုပ်လုပ်ရန်ရောက်ရှိနေသည့် ပြည်သူများ၊ ကျားပိုက်ဆွဲသည့် ငါးဖမ်းသမားများမှာ စိုးရိမ်ကြောက်လန့်မှုဖြင့် ပင်လယ်မထွက်ဘဲ နေရပ်ပြန်သွားကြပြီဟု ကျောက်ဖြူမြို့မှ ငါးဖမ်းသမားတစ်ဦးက နိရဥ္စရာ သတင်းဌာန ကိုပြောသည်။

“ အဲ့ဒီစစ်ကောင်စီနေဗီကနေ လက်နက်ငယ်တွေနဲ့ ညဖက်ငါးဖမ်းထွက်တဲ့ စက်လှေတွေကို လှမ်းပစ်တာရှိလို့ အခုဆိုရင် ငါးဖမ်းမထွက်ကြတော့ဘူး။ ကြောက်လန့်လို့ အကုန်ပြန်ကုန်ကြပြီ။ဒေသခံတွေမှာ စားဝတ်နေရေး အတွက် ရေလုပ်ငန်းကိုအဓိကလုပ်ကိုင်နေကြရတာပါ” ဟုပြောသည်။

လက်ရှိတွင်  ဒေသအခေါ်အဝေါ် သုံးခွဆုံမြစ်လမ်းဖြစ်သည့် မအီချောင်းဖက်သို့သွားသည့် ရေလမ်းကြောင်း၊ မအီချောင်းမှ အမ်းဖက်သို့သွားသည့်ရေလမ်းကြောင်း၊ အမ်းဖက်သို့တက်နိုင်သည့် နွားရုံတောင်၊ကန်ကျွန်း ရေလမ်းအနီး‌ မအီမြို့အဝင် ပြင်ဖြူကြီးမော်နားတွင် စစ်နေဗီနှင့်ဇက်တစ်စီးရှိနေပြီ ၄င်း နေဗီပေါ်မှ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုရှိနေသဖြင့် မအီတောင်တန်းများပေါ်သို့ လက်နက်ကျည်များ ကျရောက်မှုရှိသည်ဟု ‌ဒေသခံများကပြောသည်။ (ဓာတ်ပုံ- ပေးပို့)

ဆက်စပ် သတင်းများ