အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

ရွှေလှေ - သံတွဲကားလမ်းကို အာရက္ခတပ်တော်က ထိန်းချုပ်တားဆီးထား၍ ရွှေလှေရှိ စစ်ကောင်စီတပ် ရိက္ခာ နှင့် စစ်ကူမရနိုင်ဘဲ ပိတ်မိနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 4.1k

လူထက်နိုင် (ဒွါရာမြီ)

နိရဉ္စရာ၊မေ ၁၀ /၂၀၂၄

ရခိုင်ပြည်၊သံတွဲမြို့နယ်ရှိ ရွှေလှေ - သံတွဲကားလမ်းကို အာရက္ခတပ်တော်က မေလ ၁၀ ရက်နေ့မှ စ၍ထိန်းချုပ်တားဆီးထား၍ ရွှေလှေရှိ စစ်ကောင်စီတပ်သားများ ရိက္ခာနှင့် စစ်ကူမရနိုင်ဘဲ ပိတ်မိနေကြောင်းဒေသခံများ ထံမှသိရသည်။

မေလ ၉ ရက်နေ့ ၊ ရွှေလှေတိုက်နယ် တိုက်ပွဲအပြီးတွင် ရွှေလှေ-သံတွဲ ကားလမ်းမပေါ်ရှိ ကွေ့ချောင်း ကျေးရွာနှင့် နတ်တောင်မော်ကျေးရွာတို့တွင် အာရက္ခတပ်တော်က လမ်းမပေါ်အထိနေရာယူထားပြီး ရွှေလှေရှိ စစ်ကောင်စီတပ်နှင့် သံတွဲမြို့ပေါ်ရှိစစ်ကောင်စီတပ်တို့ ကုန်းလမ်းမှတဆင့် ဆက်သွယ်မှုပြတ်တောက်သွားပြီဖြစ်ကြောင်း ဒေသခံများကဆိုသည်။

“ကွေ့ချောင်းနဲ့ နတ်တော်မော်မှာ လမ်းတွေမှာ အေအေရှိနေပြီလေ။ စစ်တပ်မသွားရဲတော့ဘူး။ရေလမ်းကပတ်ပြီးလာရင်လည်း ပြွန်ထဲတို့ ဆင်ခေါင်းတို့ဖက်ကို စစ်တပ်မကပ်ရဲဘူး။ မနေ့တုန်းက ရွှေလှေမှာလက်နက်ကြီးကျတဲ့ သပြုချိုင်ရွာသားကိုတောင် ရေလမ်းက သံတွဲဆေးရုံကို ပတ်ပြီးပို့ထားရတယ်” ဟုဒေသခံတစ်ဦးကပြောသည်။

လက်ရှိတွင်ရွှေလှေတိုက်နယ်ရှိဒေါ်မြကျေးရွာ၊ပုရစ်ရေကောက်ကျေးရွာ၊ကျောင်းကုန်းကျေးရွာ၊ချောင်းလယ်တောကျေးရွာတို့အား အာရက္ခတပ်တော်မှ ထိန်းချုပ်နေရာယူထားကာ သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်း ပတ်ဝန်းကျင်တွင်လည်း အာရက္ခတပ်တော်မှဝိုင်းထားသောကြောင့် စစ်ကောင်စီတပ်သားများပိတ်မိနေကြောင်း၊လက်ရှိတွင်ကွေ့ချောင်းကျေးရွာနှင့်နတ်တောင်မော်ကျေးရွာတို့အပြင် ကျက်စားချောင်၊အလယ်ရွာ၊ခရမ်းမော်၊ဒေါင်းပြင် ကျေးရွာတို့တွင်လည်း အာရက္ခတပ်တော်မှ နေရာယူထားရာစစ်ကောင်စီ၏သံတွဲမြို့အား ထိန်းချုပ်နိုင်မှုသည် တဖြည်းဖြည်း လျော့နည်းလာနေကြောင်း ဒေသခံများက သုံးသပ်ကြသည်။

“ အေအေ ဝိုင်းထားပြီ။ စစ်တပ်က အေအေရှိတဲ့နေရာတွေ၊အင်အားဖြည့်တဲ့နေရာတွေ အကုန်သိတယ်။သတင်းလည်းရတယ်။ ဒါပေမယ့် မလိုက်နိုင်တော့ဘူး၊အင်အားမမျှတော့ဘူး။  မနေ့ကတိုက်ပွဲမှာလဲ ခလရ(၅၆၆)ကဗိုလ်ကြီးတစ်ယောက် ဗုံးစထိတယ်။ ဒဏ်ရာရတယ်၊မျက်နှာမှာ၊ သံတွဲမပို့နိုင်သေးဘူး။ အခု ရွှေလှေ-သံတွဲလမ်းကို အေအေက ကွေ့ချောင်းကနေ ဖြတ်ပိတ်လိုက်ပြီ။ ပိုခက်သွားပြီစစ်တပ်က" ဟု ဒေသခံတစ်ဦးကပြောသည်။

ဆက်စပ် သတင်းများ