စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

သံတွဲတိုက်ပွဲတွင် အကျအဆုံးများနေသည့်စစ်ကောင်စီတပ် စစ်တွေမှ မွတ်ဆလင်များ နှင့် ဧရာဝတီမှ စစ်မှုထမ်းများကိုခေါ်ယူ အသုံးပြုနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 10.1k

အေးမြတ်ခိုင်

နိရဥ္စရာ၊ မေလ ၁၁/၂၀၂၄

ရခိုင်ပြည်၊ သံတွဲတိုက်ပွဲတွင် စစ်ကောင်စီတပ်သားများ အကျအဆုံးများနေ၍ စစ်တွေမှ မွတ်ဆလင်များ နှင့်ဧရာဝတီမှ စစ်မှုထမ်းများကို ခေါ်ယူ အသုံးပြုနေကြောင်း စစ်တပ်သတင်းရင်းမြစ်ထံမှ သိရသည်။

“စစ်သားတွေက မကျန်တော့ဘူး၊ နည်းနေပါပြီ။ အခုသံတွဲကို ဧရာဝတီဘက်က ပြည်သူ့စစ်တွေထပ်ပို့နေတယ်။ ဧရာဝတီက တပ်ကူတွေက ရမ်းဗြဲမှာတင် တပ်ရင်းနှစ်ရင်းလောက်ပြုတ်တယ်။ အခုပြည်သူ့စစ်တွေချည်းဘဲ ထပ်ပို့တာ။ နောက် စစ်တွေဘက်က မွတ်ဆလင်တွေလဲပါတယ်" ဟု အမည်မဖော်လိုသည့် စစ်တပ်သတင်းရင်းမြစ်က ဆိုသည်။

သံတွဲရှိ ရွှေကျောင်းပြင်ကျေးရွာ၊မြှားချောင်းအနီးတဝိုက်ရှိ ကျေးရွာများမှ ပြည်သူ့စစ် သင်တန်းဆင်းထားသူ လူငယ်များအားလည်း သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်း အနီးတိုက်ပွဲတွင် ဝင်ရောက် တိုက်ခိုက်ရန် စေခိုင်းခဲ့ပြီး ထွက်ပြေးမှုများရှိခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ ရက်တိုသင်တန်းပေးထားသော စစ်ရေးအတွေ့အကြုံမရှိသည့် ပြည်သူ့စစ်များကို စစ်ပွဲတွင်အသုံးပြုနေသည့်အတွက် သံတွဲတိုက်ပွဲတွင် အကျအဆုံးများနေသည်ဟု သူက ဆက်ပြောသည်။

"စစ်ပွဲအတွေ့အကြုံ သိပ်မရှိတဲ့ ပြည်သူ့စစ်ဆိုတော့ပိုကျတာပေါ့။  သံတွဲအထိုင်တပ်တွေက အစကတည်းကလူသိပ်မရှိဘူးလေ။ အခုက ဟိုကခေါ်လာတဲ့ ပြည်သူ့စစ်တွေကို သံတွဲ ၅၅ တပ်ရင်းထဲရောက်ရင် ယူနီဖောင်းပြောင်းပေးလိုက်တယ်" ဟု ပြောသည်။

လင်းသီကျေးရွာတွင် တပ်စွဲစခန်းချထားသည့် စစ်သား တချို့ မေလ ၉ ရက်က ဆူးပုတ်ကုန်းရွာသို့ဈေးသွားဝယ်ပြီးအပြန်တွင် အေအေက ကြားဖြတ်တိုက်ခိုက်၍ ထိခိုက်ကျဆုံး မှုများခဲ့ပြီး အဆိုပါစစ်ကြောင်းတွင် စစ်မှုထမ်းဟောင်းများပါဝင်သည်ဟု ဆိုသည်။

ယင်းအပြင် ရွှေလှေတိုက်နယ်တွင် ဖြစ်ပွါးခဲ့သည့် မြေပြင်တိုက်ပွဲများတွင် ငပလီအခြေစိုက် ခလရ(၅၅) တပ်ရင်းမှ အရာရှိ ၂ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ကျော်ခန့် သေဆုံးပြီး ပြည်သူ့စစ်သင်တန်းဆင်းထားသူ လူငယ်နှစ်ဦးလည်း တိုက်ပွဲတွင်သေဆုံးသွားသည်ဟု သိရသည်။

မေလ ၆ ရက်ကလည်း ဘားတောင်းတောင်ပေါ်တွင်တပ်စွဲထားသည့် ဗျူဟာကုန်းမှ တိုက်ပွဲဖြစ်ပွားနေသည့်ရွှေလှေတိုက်နယ်ဖက်သို့ လက်နက်ကြီးပစ်ကူစဉ် လက်နက်ကြီးပစ်စင်မှ ကျည်နစ်လုံးမထွက်ဘဲ ပေါက်ကွဲခဲ့သဖြင့် စစ်သား ၃၀ ထက်မနည်းသေဆုံးသွားပြီး ဒဏ်ရာရရှိသူများရှိခဲ့ကြောင်း အေအေနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ပုံစာ -ပြည်သူ့စစ်များကို ခေါ်ဆောင်လာသည့် စစ်ကြောင်းအားတွေ့ရစဉ်/ ပြည်သူ့စစ်များ သင်တန်းပေးနေစဉ်


ဆက်စပ် သတင်းများ