စနေ၊ စက်တင်ဘာလ ၂၈ရက်၊ ၂၀၂၄

သံတွဲမြို့အထွက် ဘားတောင်းတောင် စစ်ဆေးရေးဂိတ်အား သွားလာခွင့် ပိတ်ထားသည့် အတွက် ရွှေလှေတိုက်နယ်မှ စစ်ကောင်စီဝန်ထမ်းများ ရုံးတက်ရန်အခက်ခဲဖြစ်နေဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 3.6k

သဥ္ဇာနွယ်

နိရဥ္စရာ၊ မေ၁၁/ ၂၀၂၄

ရခိုင်ပြည်၊သံတွဲမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက မြို့ပြင် ဘားတောင်းတောင် ဂိတ်အားဖြတ်သန်းသွားလာခွင့် မပြုတော့သည့်အတွက် ဝန်ထမ်းများ ရုံးတက်ရန် အခက်အခဲဖြစ်နေကြောင်းသတင်းရရှိသည်။

သံတွဲမြို့အထွက် မြုံပြင်အနီးရှိသည့် ဘားတောင်းတောင် စစ်ဆေးရေးဂိတ်ကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက စစ်ကောင်စီမှ ဖြတ်သန်းသွားလာခွင့် ပိတ်လိုက်သည့် အတွက် ရွှေလှေတိုက်နယ်မှ စစ်ကောင်စီဝန်ထမ်းများ ရုံးတက်ရန် အခက်အခဲဖြစ်နေကြသည်ဟု သံတွဲမြို့နယ်မှ ဝန်ထမ်းအမျိုးသားတစ်ဦးက နိရဥ္စရာသတင်းဌာန ကိုပြောသည်။

“ စစ်ကောင်စီက ဘားတောင်း‌တောင် စစ်ဆေးရေးဂိတ်ကို လွန်ခဲ့တဲ့ ၂ ရက် ၃ ရက်လောက်က သွားလာခွင့်ပိတ်လိုက်တယ်၊ ဘယ်သူ့ကိုမှ ဖြတ်သန်းသွားလာခွင့် မပေးဘူး။ဝန်ထမ််းတွေကို တောင် ဖြတ်ခွင့်မပေးတော့ဘူး။အဲ့ဒီတော့ မြို့ပေါ်ကို ရုံးသွားတက်မယ့် ဝန်ထမ်းတွေ ရုံးမတက်ရလို့အခက်အခဲဖြစ်နေကြတယ်။ ဘာလို့လဲဆိုတော့ သံတွဲဖက်ကတော်တော်များများက ဝန်ထမ်းတွေပါ။ ရုံးတက်လို့အလုပ်လုပ်မှ ပိုက်ဆံရတဲ့မိသားစုတွေရှိတယ်။ ရုံးမတက်ရတော့ အလုပ်အတွက် ထိခိုက်မှုတွေရှိနေပါတယ်” ဟုပြောသည်။

ရွှေလှေတိုက်နယ်တွင် ထွေအုပ်ဝန်ထမ်း၊မြေစာရင်းရုံးဝန်ထမ်း၊ ကျန်းမာရေးဝန်ထမ်း၊ပညာရေးဝန်ထမ်း၊ဘဏ်ဝန်ထမ်းနှင့် အစိုးရဝန်ထမ်း အများအပြားရှိပြီး ဒေသခံသာမက စစ်ကောင်စီနှင့် သက်ဆိုင်သည့်သူများ ကျန်းမာရေးကိစ္စအတွက်ပါ မြို့ပေါ်သို့သွားရောက် ဆေးကုသခွင့်မပြုတော့ဟု ၄င်းအမျိုးသမီးကပြောသည်။

“ ကျန်းမာရေးဝန်ထမ်းတွေကအစ မသွားရတာ။ စစ်သားတွေ တိုက်ပွဲမှာ ဒဏ်ရာရတာတောင် ရွေလှေဆေးရုံမှာပဲ ဆေးကုနေကြတာ။ စစ်ကောင်စီက အဲ့လောက်တင်းကျပ်ထားတာ” ဟုပြောသည်။

အဆိုပါ စစ်ဆေးရေးဂိတ်ကို ပိတ်ထားသည့် အတွက် တောင်ကုတ်-သံတွဲ ကုန်ပစ္စည်း စီးဆင်းမှုလည်းရပ်တန့်သွားပြီး ရွှေလှေတိုက်နယ်က ဒေသခံပြည်သူအပါအဝင် စစ်ဘေးရှောင်များ စားဝတ်နေရေးအခက်အခဲဖြစ်လာနိုင်သည်ဟု သံတွဲ ‌ဒေသခံအမျိုးသမီးက တစ်ဦးက  နိရဥ္စရာ သတင်းဌာန ကိုပြောသည်။

“  တောင်ကုတ်-သံတွဲကြား ရိက္ခာပြတ်လပ်နိုင်တယ်။ အဓိက ရွှေလှေနဲ့ မကျည်းချောင်ရွာဖက်မှာရှိတဲ့ စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာပြတ်သွားနိုင်ပါတယ်။ ဒါပေမယ့် ရွှေလှေဖက်က ရေစင်နဲ့ နတ်တောင်မော်တို့မှာ ကိုယ့်တပ်တော်ဖက်က အပိုင်ရထားပြီးပြီ။ ဒီဒုက္ခတွေဟာ ခဏတာပါပဲ” ဟုပြောသည်။

လက်ရှိတွင်ရွှေလှေတိုက်နယ်ရှိဒေါ်မြကျေးရွာ၊ပုရစ်ရေကောက်ကျေးရွာ၊ကျောင်းကုန်းကျေးရွာ၊ချောင်းလယ်တောကျေးရွာတို့အား အာရက္ခတပ်တော်မှ ထိန်းချုပ်နေရာယူထားကာ သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်း ပတ်ဝန်းကျင်တွင်လည်း အာရက္ခတပ်တော်မှဝိုင်းထားသောကြောင့် စစ်ကောင်စီတပ်သားများပိတ်မိနေကြောင်း၊လက်ရှိတွင်ကွေ့ချောင်းကျေးရွာနှင့်နတ်တောင်မော်ကျေးရွာတို့အပြင် ကျက်စားချောင်၊အလယ်ရွာ၊ခရမ်းမော်၊ဒေါင်းပြင် ကျေးရွာတို့တွင်လည်း အာရက္ခတပ်တော်မှ နေရာယူထားရာစစ်ကောင်စီ၏သံတွဲမြို့အား ထိန်းချုပ်နိုင်မှုသည် တဖြည်းဖြည်း လျော့နည်းလာနေကြောင်း ဒေသခံများကသုံးသပ်ကြသည်။ 

ဓာတ်ပုံ -  ပုံဟောင်း

ဆက်စပ် သတင်းများ